Saturday, May 5, 2007

မရှိသောနေ့တစ်နေ့ (သို့) မနက်ဖြန်

တစ်ခါက လူငယ်လေးတစ်ယောက်ရှိတယ်တဲ့။ သူဟာ အင်မတန်ပျင်းတယ်။ ပြောမရ၊ ဆိုမရ၊ ဆုံးမလို့မရနဲ့။ သူ့ဖခင်နဲ့ မိခင်က ရွာဦးက ဆရာတော်ကျောင်းကိုပို့ပြီး ကျောင်းနေစေတယ်။ ထိုသူငယ်ဟာ ပျင်းပေမယ့် ချမ်းတော့ချမ်းသာချင်တယ်။ ဒါကြောင့် ဆရာတော်က ချော့လိုက်ခြောက်လိုက်နဲ့ သင်ကြားပေးတယ်။
`မင်းစာတွေတတ်ရင် ချမ်းသာမှာကွ´လို့ပြောပြီး၊ သင်ပေးရတာပေါ့။ သူငယ်ဟာ ကြိုးစားရင်း ကြိုးစားရင်း လူတော်လေးဖြစ်လာတယ်။ ဒါပေမယ့် မချမ်းသာသေးဘူး။ ဒါကြောင့် ဆရာတော်ကို လျှောက်တယ်။
`အရှင်ဘုရား၊ တပည့်တော် ဘာကြောင့်ခုထိ မချမ်းသာသေးတာလဲ´
`နံပါတ်တစ်ကတော့ မင်း ပညာမတတ်သေးလို့၊ နံပါတ်နှစ်ကတော့ မင်းဟာချမ်းသာဖို့ အချိန်မရောက်သေးလို့ ဒီနှစ်ချက်ကြောင့်ပဲ´
`ဒါဆို တပည့်တော် ဘယ်တော့ ချမ်းသာမလဲဆိုတာ အရှင်ဘုရားပြောနိုင်လား´
`ပြောနိုင်တာပေါ့၊ အတိအကျပြောနိုင်တယ်´
`ဒါဆို တပည့်တော်ကို ပြောပြပါဘုရား´
`မနက်ဖြန်´
`တပည့်တော် မနက်ဖြန်ဆို ချမ်းသာမယ်ဟုတ်လား´
`အသေအချာပေါ့´
သူငယ်ဟာ ၀မ်းသာလို့ တစ်ညလုံး အိပ်လို့မရဘူး။ နောက်တစ်နေ့ရောက်တော့ သူ့ကိုယ်သူကြည့်တယ်။ အရင်အတိုင်းပဲ။ ချမ်းလဲမချမ်း သာလာဘူး။ ဒါနဲ့ ဆရာတော်ကိုလျှောက်တယ်။
`အရှင်ဘုရား တပည့်တော် ဒီနေ့ ချမ်းလဲမချမ်းသာသေးဘူးဘုရား´
`အေးလေ၊ ဘယ်ချမ်းသာဦးမလဲ´
`အရှင်ဘုရားပဲပြောတယ်´
`ငါဘာပြောလို့လဲ´
`မနက်ဖြန် ချမ်းသာမယ်ဆို´
`အေးလေ´
`ဒါဆို ဒီနေ့ တပည့်တော် မချမ်းသာသေးဘူးလေ´
`ဒါအမှန်ပေါ့၊ ဒီနေ့ ဘယ်ချမ်းသာမလဲ၊ မနက်ဖြန်မှ ချမ်းသာမှာ´
`ဒီနေ့ဟာ မနက်ဖြန်လေ၊ ဟာ ရှုပ်ကုန်ပြီ၊ တပည့်တော် နားမလည်ဘူး´
`ငါသိပါတယ်။ ဒါကြောင့် ငါပြောတာပေါ့။ မင်း ပညာတတ်ဖို့လိုသေးတယ်လို့။ မင်းတို့က မနက်ဖြန်ကို မျှော်နေကြတယ်။ တကယ်တမ်း မနက်ဖြန်က ရောက်လာရော၊ မနက်ဖြန်ဟာ ဒီနေ့ဖြစ်သွားတယ်။ မင်းနဖူးတွေ့ ဒူးတွေ့ တွေ့ကြုံခံစားတာဟာ ဒီနေ့ပဲ။ မနက်ဖြန်မဟုတ်ဘူး။ ဒီနေ့ . . . . . .´
အတန်ကြာစဉ်းစားပြီးနောက် သူငယ်ဟာ `တပည့်တော် သဘောပေါက်ပါပြီဘုရား´လို့ တင်လျှောက်လိုက်သတဲ့။

ပုံပြင်ထဲမှာတော့ သူငယ် ချမ်းသာသွားတယ်ဆိုတာ မပါလာဘူး။ သို့သော် ကျွန်တော်တို့ဟာ မနက်ဖြန်ကို မျှော်လင့်နေတာ အသေအချာ ပဲ။ ခုလုပ်လို့ပြီးနိုင်တာတွေကို မနက်ဖြန် ရွှေ့နေကြတယ်။ မနက်ဖြန်မှဖြစ်မယ့် ကိစ္စတွေကို ဒီနေ့တွေးပူနေကြတယ်။ ကျွန်တော်တို့ဟာ ပစ္စုပ္ပန်မှာ မနေကြဘူး။ အတိတ်ကိုသတိရတယ်။ အနာဂတ်ကို မျှော်ကြတယ်။ ဒေးကာနက်ဂျီရဲ့ `သောကကင်းဝေး နေနိုင်ရေး´စာအုပ်ထဲ မှာ ဆာဝီလျံအော့စလာအကြောင်း ရေးထားတာကို မှတ်သားရဖူးတယ်။ သူ့အကြောင်းကိုရေးထားတဲ့ စာအုပ်က နှစ်တွဲတောင်ရှိပြီး အတော်လေးထူတယ်။ သူငယ်စဉ်က ဆေးကျောင်းတက်နေစဉ် ပူပင်သောကရောက်နေတယ်။ ဘာမှမလုပ်နိုင်၊ မကိုင်နိုင်၊ မစားနိုင်၊ မသောက်နိုင်ဖြစ်နေတယ်တဲ့။ ဒီအခါ စာတစ်ပုဒ်ကို ဖတ်မိတယ်။ `ကျုပ်တို့အလုပ်က အဝေးကြီး မထင်ရှားရှိနေတာကို ကြည့်ဖို့မဟုတ်ဘူး။ အနီးကပ် လက်ထဲမှာရှိတာကို လေ့လာဖို့ပဲ´တဲ့။ ဒီစာဖတ်ပြီးနောက် သူဟာ တစ်ရက်စာအတွက်သာ စာဖတ်တယ်။ တစ်နေ့တာအတွက် သာ ရပ်တည်တယ်။ နောက်နေ့အတွက် ပူပန်မနေတော့ဘူး။ ဒါနဲ့ပဲ သူကျောင်းမှာ အမှတ်ကောင်းကောင်းရခဲ့တယ်။ ဂျွန်ဟော့ကင် ဆေးကျောင်းမှာ ပါမောက္ခဖြစ်လာတယ်။ ဘုရင်မကချီးမြှင့်တဲ့ သူရဲကောင်းဘွဲ့ကိုရတယ်။ တက္ကသိုလ်ကြီးလေးခုကိုလှည့်ပြီး၊ ပါမောက္ခလုပ်ရတယ်။ Brain if Special Quality ဆိုတဲ့ စာအုပ်ကိုလည်းရေးခဲ့တယ်။ တစ်ရက်မှာ သူ ယေးလ်တက္ကသိုလ်မှာ ဟောပြောခဲ့တယ်။ သူကျောင်းသားတွေကို ရှင်းရှင်းလင်းလင်းပြောတာပါပဲ။ `ပါမောက္ခကြီးဖြစ်လို့ မင်းတို့က ငါ့မှာ အင်မတန်ကောင်းတဲ့ ဦးနှောက်ရှိတယ်လို့ မထင်ပါနဲ့၊ ငါဟာ သာမန်လူတစ်ယောက်ပါပဲ။ သာမန်ဦးနှောက်ပဲရှိတယ်။ ဒါပေမယ့် ငါက တစ်နေ့စာအတွက် တစ်နေ့သာစဉ်းစားတယ်။ သင်္ဘောတွေမှာရှိတဲ့ ရေလုံခန်းတွေလိုပဲ။ တစ်ခန်းရေ၀င်ရုံနဲ့ သင်္ဘောမမြုပ်နိုင်ဘူး။ အနာဂတ်ဆိုတာ ယနေ့ပါပဲ။ မနက်ဖြန်ဆိုတာ မရှိဘူး. . .´တဲ့။ ဆာအော့စလာက မနက်ဖြန်အတွက် မပြင်ဆင်ရဘူးလို့ပြောတာမဟုတ်ဘူး။ မနက်ဖြန်အတွက် ပူပန်မှု ကင်းဖို့ပြောတာပါပဲ။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့လည်း ပစ္စုပ္ပန်ကို တည့်တည့်ရှုရမယ်ဆိုတာကို သိထားပါတယ်။ ယနေ့ကို တည့်တည့်ရှုရ တယ်။ ဒါပေမယ့် အိုနာသေဘေးအတွက် ပြင်ဆင်ထားဖို့ နားလည်ထားရတယ်။ ဘ၀မှာ ပူပန်မှုကင်းစွာ ခရီးဆက်ရမှာဖြစ်တယ်။ အဲသလို တည့်တည့်ရှုတဲ့ ခရီးမှာ အပူအပင်ကင်းတယ်။ အောင်မြင်ကြပါတယ်။ ။ (ဒေါက်တာခင်မောင်ညို)

မှတ်ချက်။ ။ ကိုယ်တိုင်ရေးစာမူမဟုတ်ပါဘူး၊ copy ကူးပြီး ပြန်ရေးတာပါ။ ရန်ကုန်သားကို အထင်ကြီးနေမှာဆိုးလို့ပါ။ ဖတ်မိတာ တွေထဲက ကောင်းတာလေးတွေကို မကြာမကြာ တင်ပေးပါ့မယ်။ ကိုယ်ကိုယ်တိုင်က သိပ်မရေးနိုင်သေးဘူးလေ။ မရေးနိုင်သေးလို့ဆိုပြီး လဲ တွေးပြီးပူမနေတော့ပါဘူး။ ရေးနိုင်မှပဲ ရေးတော့မယ်။ ဒါနဲ့စကားမစပ် ရန်ကုန်၊ မြေနီကုန်းက Dagon Centre မှာ ၄-၅-၀၇ နေ့က ရွာလိုက်တဲ့မိုးကြောင့် မြေအောက်ကားပါကင်ထဲကိုရေ၀င်ပြီး ကားတွေရေမြုပ်သွားလို့ ၅-၅-၀၇ နေ့မှာ Centre ကိုပိတ်ပြီး၊ မီးသတ်ကား တွေနဲ့ ရေတွေစုပ်ထုတ်နေရပါကြောင်း သတင်းကြားသိရပါတယ်။ သမာအာဇီဝကျကျနဲ့ စီးပွားရှာပြီး ၀ယ်ထားတဲ့ကားတွေဆိုရင်တော့ ကားပိုင်ရှင်တွေကိုတော့ သနားပါတယ်။ မတရားနည်းလမ်းတွေနဲ့ ရထားတာတွေဆိုရင်တော့ ၀မ်းတောင်သာသေးတယ်ဗျိုး . . . . . . . ။

1 comment:

Unknown said...

a yann mite tal.. bro