Tuesday, September 4, 2007

အမှန်တရား

ဘယ်အရာမဆို ဟုတ်တယ်၊ မှန်တယ် ဆိုတိုင်း မပြောရဘူးတဲ့။ မှန်တယ်ဆိုပေမယ့် သူတပါး အကျိုးကို ပျက်စီးစေခြင်း၊ ဆုတ်ယုတ်စေခြင်း ဖြစ်နေရင် မပြောရဘူးတဲ့။ သူတပါးက လက်မခံတဲ့ အမှန်တရားကိုလည်း သူတပါးက လက်မခံရင် မပြောရဘူးတဲ့။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားစကားပါ။ မြတ်စွာဘုရားရဲ့တရားတော်တွေဟာ သံသရာကလွတ်မြောက်ရာ နိဗ္ဗာန်ရောက်ကြောင်းတရား အစစ်အမှန်တွေပါ။ ဒီနိဗ္ဗာန်ရောက်ကြောင်း တရားတွေကို မြတ်စွာဘုရားကိုယ်တိုင်တောင် မဟောတဲ့သူ (၅)မျိုးရှိပါတယ်။ အဲဒီသူတွေကတော့...
၁။ တိဋ္ဌိ ဂိုဏ်းသားများ
၂။ တိဋ္ဌိဂိုဏ်းသား ဆရာကြီးများကို ကိုးကွယ်ကြသူများ
၃။ ပုဂ္ဂိုလ် သတ္တ၀ါ အတ္တ ဇီဝ အယူစွဲနေသူများ
၎။ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးပါး ရှောင်ကြဉ်သူများ
၅။ လက္ခဏာရေးသုံးပါး သဘာဝ သာမက၊ သစ္စာလေးပါးကို သိမြင်အောင် ဟောပြနိုင်သည့် ပုဂ္ဂိုလ်များကို ရှောင်ကြဉ်သူများ
သူတို့တွေပဲဖြစ်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ အမှန်ကန်ဆုံးတွေ ဖြစ်နေပေမယ့်၊ မြတ်စွာဘုရားကိုယ်တော်တိုင်က ဟောသင့်မှဟောတာပါ။ ပရိတ်သတ်နဲ့ နေရာဒေသ အချိန်အခါကို ကြည့်ပါတယ်။
အဲဒီတော့ အမှန်တရားဆိုတာလည်း အကန့်အသတ်နဲ့ တည်ရှိနေတဲ့သဘောဖြစ်နေပါတယ်။ မှန်တယ်ဆိုပြီး ဇွတ်လုပ်လို့မရပါဘူး။ အချိန်အခါ နေရာဒေသပေါ်မူတည်ပြီး အမှန်တရားက ကွယ်ပျောက်ကောင်း ကွယ်ပျောက်နေပါမယ်။
ထို့ကြောင့် . . . ထို့ကြောင့် . . . အမှန်တရားဆိုတာ . . . . . ?

Saturday, June 23, 2007

အမယ်ဘုတ်ရဲ့သူ့ချည်ခင်

အရက်ဆိုင်ထဲမှာ လူနှစ်ယောက် စကားလက်ဆုံကျနေကြ၏။ တစ်ယောက်က...
``ခင်ဗျားမှာ မိသားစုပြဿနာရှိတယ်လို့ထင်သလား။ ကျုပ်မှာတော့ ရှိတယ်ဗျ။ ရှိပုံက ဟောဒီလို ဟောဒီလို။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကပေါ့ဗျာ။ မုဆိုးမငယ်ငယ်လေးတစ်ယောက်ကို ကျုပ်တွေ့တယ်။ သူ့မှာ အရွယ် မရောက်တရောက် သမီးလေးတစ်ယောက်ရှိသဗျ။ အေးဗျာ... အဲဒီမုဆိုးမလေးကို ကျုပ်ယူလိုက်တယ်ပေါ့ဗျာ။ အဲ နောက်ပိုင်းမှာတော့ ကျုပ်အဖေက ကျုပ်ရဲ့မယားပါသမီးငယ်ငယ်လေးကို ယူလိုက်ပါရော။ ဒီတော့ ကျုပ်မယားပါ သမီးလေးက ကျုပ်ရဲ့မိထွေး ဖြစ်သွားတာပေါ့။ နောက်ပြီး ကျုပ်အဖေဟာလည်း ကျုပ်ရဲ့ မယားပါသားဖြစ်သွားရော။ တစ်ချိန်တည်းမှာ ကျုပ်မိန်းမဟာလည်း သူ့ယောက္ခမရဲ့ယောက္ခမဖြစ်သွားတာပေါ့။ အဲနောက်တော့ ကျုပ်မိန်းမရဲ့ သမီး တနည်းအားဖြင့် ကျုပ်ယောက္ခမက သားကလေး မွေးပါရောဗျို့။ ဒီမှာတင် ဒီသားဟာကျုပ်နဲ့ ဖအေတူ မအေကွဲ ညီအစ်ကို ဖြစ်လာပြန်တာပေါ့။ သူက ကျုပ်အဖေသားကိုး။ တစ်ချိန်တည်းမှာ ဒီသားဟာ ကျုပ်မိန်းမသမီးရဲ့သားဆိုတော့ ကျုပ်မိန်းမရဲ့မြေးပေါ့။ ကျုပ်ကျတော့ မအေကွဲအဘိုးဖြစ်နေပြန်ရော။ ဒါပေမယ့် ကျုပ်တို့လင်မယား ကလေးမရခင်မှာတော့ ဘာမှမဟုတ်သေးပါဘူး။ အဲ... သိပ်မကြာဘူး။ ကျုပ်မိန်းကလဲ သားကလေးမွေးပါရော။ ကဲ ဒီတော့ ကျုပ်သားရဲ့အမေ တနည်းအားဖြင့် ကျုပ်ယောက္ခမပေါ့။ အဲ သူကအဘွားဖြစ်သွားပြန်ရော။ ဒီတော့ ကျုပ်အဖေဟာ ကျုပ်သားရဲ့ယောက်ဖဖြစ်ရပြန်တာပေါ့။ သူ့မအေတူ ဖအေကွဲအမေက ကျုပ်အဖေ့မိန်းမကိုးဗျ။ အဲ ကျုပ်ကျတော့ ကျုပ်မိထွေးရဲ့ခဲအိုဖြစ်နေပြန်တာပေါ့ဗျာ။ ကျုပ်မိန်းမခမျာလည်း သူ့သမီးအရင်းခေါက်ခေါက် ကြီးရဲ့ အဒေါ်ဘ၀ ရောက်သွားရရှာတာပေါ့။ အဲ ကျုပ်သားက ကျုပ်အဖေရဲ့တူ ဖြစ်နေပြန်ရော။ ကျုပ်လည်း အဘိုးဖြစ်သွားရော။ ကဲ ခင်ဗျားမှာရော အဲဒီလို မိသားစုပြဿနာမျိုး ရှိတယ်လို့ ထင်သလားဗျ´´

ဖတ်မိတဲ့ ဟာသလေးတစ်ပုဒ်ပါ။ ရီရလား မရီရလားတော့မသိဘူး။ ခေါင်းကိုရှုပ်သွားတာပဲ။

Wednesday, June 20, 2007

ဟိုးတုန်းက ဟာသလေးတစ်ခု

ကျွန်တော့်အဘတစ်ယောက်နဲ့ စကားပြောရင်းက သူက ဟာသလေးတစ်ခုပြောတယ်။ တကယ်လား ဒဏ္ဍာရီလား ဆိုတာတော့ မပြောတတ်ဘူး။ ဟာသလေးဖြစ်လာတဲ့အချိန်က တော်တော်ကြာပါပြီ။ မင်းတုန်းမင်းတရားကြီး လက်ထက်ကပါ။ ပဉ္စမအကြိမ် သင်္ဃာယနာတင်တုန်းကပါ။ သင်္ဃာယနာတင်တယ်ဆိုတာက မြတ်စွာ ဘုရားဟောခဲ့တဲ့ တရားတော်တွေကို မပျောက်မပျက်ရအောင်လို့ ရဟန္တာကြီးများဦးစီးပြီး၊ ပြန်လည်ရွတ်ဆိုတာကို ခေါ်တာပါ။ ပထမအကြိမ်ကနေ စတုထ္တအကြိမ်အထိ သင်္ဃာယနာတင်ခဲ့တုန်းထိသာ ရဟန္တာကြီးများပါဝင်ပါတယ်။ နောက်ပိုင်း ပဉ္စမနဲ့ ဆဋ္ဌမအကြိမ်တွေမှာတော့ မပါဝင်တော့ပါဘူး။ ပထမအကြိမ် သင်္ဃာယနာတင်တုန်းကတည်းက စည်းကမ်းချက်အနေနဲ့ကတော့ သင်္ဃာယနာတင်ပွဲတွင် ပါဝင်ခွင့်ရသူများမှာ ရဟန္တာဖြစ်ရပါမယ်။ စာတတ်ရပါမယ်။ ရဟန္တာဖြစ်ပြီး စာမတတ်ရင် ပါဝင်ခွင့်မရပါဘူး။ အဲဒါကြောင့် ရှင်အာနန္ဒာမထေရ်မြတ်ကြီးတောင် ရဟန္တာမဖြစ်သေးလို့ သင်္ဃာယနာတင်ပွဲကိုတက်ရောက်ဖို့အတွက် ရှင်မဟာကဿဖမထေရ်မြတ်ကြီးက ရှင်အာနန္ဒာကို ရဟန္တာဖြစ်အောင် ကြိုးစားလိုက်ပါဦးဆိုပြီး တစ်လတိတိဆိုင်းငံ့ပေးထားတာပါ။ သင်္ဃာယနာတင်ပွဲကိုလည်း ဘုရင်ကသာဦးစီးပြီး ကျင်းပရပါတယ်။ မင်းတုန်းမင်းကြီးလက်ထက်ရောက်တော့ သဒ္ဒါတရားထက်သန်ပြီး၊ သင်္ဃာယနာတင်ပွဲကို ကျင်းပပြုလုပ်ပါတယ်။ အဲဒီမှာ တောင်ဖီလာဆရာတော်ကြီးအပါအ၀င် နာမည်ကြီးဆရာတော်ကြီးများပါဝင်ပါတယ်။ ဒီလိုနဲ့ ရဟန်းတော်ကြီးများက ပရိတ်တော်များရွတ်ဖတ်နေတဲ့အချိန်မှာ မင်းတုန်းမင်းကြီးက ပရိတ်အိုးတွေကို လှမ်းလှမ်းကြည့်ပါတယ်။ အဲဒါကို တောင်ဖီလာဆရာတော်ကြီးမှလွဲပြီး ဘယ်သူမှ သတိမထားမိပါဘူး။ ဒါနဲ့ ဆရာတော်ကြီးက ဒကာတော်မင်းကြီးတော့ အကြောင်းတော့ရှိတော့မယ်ဆိုပြီး၊ မင်းတုန်းမင်းကြီးက ပရိတ်အိုးကို လှမ်းကြည့်လိုက်ရင် တောင်ဖီလာဆရာတော်ကြီးက ခင်းထားတဲ့ ကော်ဇောကြီးကို လှန်လှန်ကြည့်တယ်။ ဒီလိုနဲ့ ပရိတ်ရွတ်ဖတ်တာတွေပြီးသွားတော့ မင်းတုန်းမင်းကြီးက ဆရာတော်ကိုလျှောက်တယ်။ အရှင်ဘုရား တပည့်တော်ကြားဖူးတာတော့ အရင်တုန်းက ရဟန်းတော်များ ပရိတ်ရွတ်ဖတ်ရင် ရေများဆူပွက်လာတယ်လို့ ကြားဖူးပါတယ်ဘုရား။ အခု အရှင်ဘုရားတို့ ရွတ်တာက ရေများ ဆူပွက်ခြင်းမရှိပါလားဘုရား လို့ လျှောက်တင်တယ်။ အဲဒီအခါမှာ တောင်ဖီလာဆရာတော်ကြီးက မင်းကြီး အာသောကမင်းကြီး သင်္ဃာယနာတင်တုန်းက ဘုန်းတန်ခိုးအရမ်းကြီးတော့ သင်္ဃာယနာတင်ပွဲကို လာတဲ့လမ်းတစ်လျှောက်မှာ ကောင်းကင်က ဂဠုန်တစ်သောင်း မြေပေါ်က နဂါးတစ်သောင်း ခြံရံလာတယ်လို့ ကြားဖူးတယ်။ အခုမင်းတရားကြီးအလှည့်မှာ နဂါးများပေါ်လာမလားလို့ ကော်ဇောကို လှန်လှန်ကြည့်နေတာ တီကောင်တောင်မတွေ့ဘူး မင်းကြီးရဲ့။ ဒီတော့ကာ ပရိတ်ရေမဆူတဲ့ ဘုန်းကြီးနဲ့ တီကောင်တောင်မတွေ့တဲ့ ဘုရင် ဘဲစားဘဲချေပေါ့နော် လို့ ပြန်ပြောလိုက်တယ်တဲ့။
ဟာသလေးကတော့ ဒီလောက်ပါပဲ။ ဒါကဘာကိုပြောလဲဆိုတော့ အလုပ်တစ်ခုဟာ လုပ်သင့်လုပ်ထိုက်တဲ့သူပဲ လုပ်ရမှာ။ အဲလိုမှ မဟုတ်ရင် ပြီးပြည့်စုံမှာမဟုတ်ဘူး။ ကိုယ်လုပ်ချင်တာတစ်ခုထဲနဲ့ လုပ်လို့မရဘူး။ အခုခေတ်မှာလဲ ငါလုပ်ရင်ဖြစ်တယ်ဆိုပြီး လုပ်နေတဲ့သူတွေအများကြီး။ လုပ်ပြီးသွားရင် ခံလိုက်ရတာကများတယ်။ စည်းကမ်းလေးတွေကိုတော့ သိထားရင်ကောင်းတာပေါ့။ ကိုယ်လုပ်ချင်တာတစ်ခုထဲနဲ့ အလုပ်တစ်ခုက အဆင့်ကျသွားရင်မကောင်းဘူးပေါ့။ ကျွန်တော်လဲ ဗုဒ္ဒဘာသာဝင် တစ်ယောက်ပါပဲ။ ကျွန်တော်ပြောတာတွေကို ချက်ချင်းတော့ နားလည်မှာ မဟုတ်ပါဘူး။ သေသေချာချာဖတ်ပြီး စဉ်စားကြည့်လိုက်ပေါ့။

Wednesday, June 13, 2007

M.B.B.S ဆိုတာ. . . .

M.B.B.S ဆိုတာ
တစ်ခါက နယ်မြို့လေးတစ်မြို့နားက ကျေးတောဆိုတဲ့ ရွာတစ်ရွာမှာ ဆေးဆရာတစ်ယောက်ရှိတယ်။ ကျေးရွာတွေဆိုတော့ ဆရာဝန်မရှိကြဘူးလေ။ အနီးအနားကရွာတွေကလဲ သူ့ကိုပဲအားကိုးနေရတာပေါ့။ သူက တော်လဲတော်ပါတယ်။ တော်ရုံတန်ရုံ ဖျားတာနာတာလောက်ကတော့ သူကနိုင်တယ်လေ။ သူရဲ့နာမည်က စိန်သောင်း။ သူ့ရွာအနီးအနားမှာတော့ ဆရာစိန်သောင်းဆိုပြီး နာမည်ကြီးနေတာပေါ့။ သူက မြို့ကိုလဲ အရောက် အပေါက်ရှိတာရယ်၊ မြို့မှာလဲ ကျောင်းနေဖူးတာရယ်ကြောင့် နည်းနည်းတော့ မာန်ရှိတာပေါ့။ ဆေးဆရာကလဲ ဖြစ်နေပြန်တော့ ပိုပြီးဆိုးသွားတာပေါ့။ ဒါပေမယ့် သူက အကြောင်းမဲ့တော့ မာန်မတက်ပါဘူး။ အလုပ်ကိုလဲ စေတနာပါပါနဲ့လုပ်တယ်။ မြို့ကို ခဏခဏရောက်တော့ မြို့က ဆရာဝန်တွေက သူတို့ရဲ့ဆေးခန်းတွေမှာ ဆိုင်းဘုတ်လေးတွေတက်ထားတာကို တွေ့တွေ့နေတာပေါ့။ အဲဒီတော့ သူကလဲ အားကျမခံ ရွာမှာလဲ သူရဲ့အိမ်မှာဆိုင်းဘုတ်တပ်မယ်ဆိုပြီး စိတ်ကူးတယ်။ ပြီးတော့ ပန်းချီရေးတဲ့သူဆီသွားပြီး ဆိုင်းဘုတ်အပ်တယ်။ ဒီလိုနဲ့ ဆိုင်းဘုတ်ရလာပြီဆိုပါတော့......။ ရွာရောက်တော့ ချက်ချင်းပဲ အိမ်ရှေ့မှာ ဆိုင်းဘုတ်ကို တပ်လိုက်တယ်။ ရွာကလူတွေကတော့ အထူးအဆန်းဖြစ်နေတာပေါ့။ သူကတော့ ခပ်တည်တည်ပါပဲ။ သူ့ဆိုင်းဘုတ်မှာ ဘာတွေရေးထားလဲဆိုတော့. . . . . .
စိန်သောင်း
M.B.B.S (ကျေးတော)
ဆိုပြီး ရေးထားတယ်။ သူ့ရွာမှာလဲ မြို့ရောက်ဖူးတဲသူတွေရှိတာပေါ့။ သူတို့က ဆိုင်းဘုတ်ကိုလဲမြင်ရော သူ့ကိုမေးတော့တာပေါ့။ မင်းကဘယ်တုန်းက ဒီဘွဲ့ကိုရတာလဲပေါ့။ သူက ဒီမှာရတာလို့ပြောတယ်။ တစ်ချို့လူတွေက မကျေနပ်ပဲ လိမ်တယ်ဆိုပြီး သူကြီးကိုတိုင်ပါလေရော။ သူကြီးကလဲ သူ့ကို ခေါ်တာပေါ့။ သူရောက်လာတော့ သူကြီးကမေးတယ်။ မင်းကဘာဖြစ်လို့ ဒီဆိုင်းဘုတ်ကိုတပ်တာလဲပေါ့။ သူက ကျွန်တော်ကလဲ ဆရာတစ်ယောက်ဖြစ်နေတော့ ဂုဏ်ရှိအောင်တပ်တာပါလို့ ဖြေတယ်။ ဒါနဲ့ သူကြီးက `ဒါဆိုရင် ဘာဖြစ်လို့ M.B.B.S ဆိုတာကြီးကို တပ်ရတာတုန်း၊ ဒါက မြို့ကဆရာဝန်တွေပဲ တပ်တာလေ၊ ပြီးတော့ မင်းက ဘွဲ့ရဲ့အနောက်မှာ (ကျေးတော)လို့လဲ ရေးထားသေးတယ်။ အဲဒါ ဘာအဓိပ္ပါယ်လဲဆိုတာ ပြောစမ်းပါဦး´လို့မေးတယ်။ ဒီတော့ သူက `သူကြီးကော M.B.B.S ရဲ့အဓိပ္ပါယ်ကို သိလား´လို့ပြန်မေးတယ်။ သူကြီးက မသိလို့မင်းကိုမေးတာပေါ့ကွလို့ ပြောလိုက်တယ်။ ဒီတော့ သူက `ကျွန်တော်က M.B.B.S ဆိုတာ ကို တပ်ချင်လို့တပ်တာမဟုတ်ဘူး။ သူ့မှာ အဓိပ္ပါယ်ရှိတယ်။ M ဆိုတာက မြန်မာ၊ B ဆိုတာက ဗုဒ္ဓဘာသာ၊ နောက် B တစ်ခုက ဗိန်းတော၊ S ဆိုတာက ဆရာ၊ ဒီတော့ M.B.B.S ဆိုတာ `မြန်မာ ဗုဒ္ဓဘာသာ ဗိန်းတော ဆရာ´ လို့ အဓိပ္ပါယ်ရတယ်။ (ကျေးတော)ဆိုတာက ကျွန်တော်က ဒီရွာမှာနေတာမို့လို့ ရေးထားတာ။ ကဲ.. သူကြီး ဘာများ မေးချင်သေးတုန်း။ လို့ ပြန်မေးလိုက်တယ်။ ဒီအခါမှာတော့ သူကြီးနဲ့ ရွာသားတွေဟာ ဘာပြောလို့ ပြောရမှန်းကို မသိဖြစ်ပြီး၊ ပါးစပ်အဟောင်းသားလေးတွေနဲ့ . . . . . . .
ကဲ စာဖတ်တဲ့သူရော M.B.B.S ဆိုတဲ့ အဓိပ္ပါယ်လေးကို သိသွားပြီပေါ့နော်. . . . . . . . နောက်ဆိုရင် ကိုယ်နေမကောင်းဖြစ်လို့ ဆေးခန်းသွားရင် ဆိုင်းဘုတ်လေးတွေကို တွေ့တိုင်း ဒီပုံပြင်လေးကို သတိရလိုက်နော်။

Saturday, May 5, 2007

မရှိသောနေ့တစ်နေ့ (သို့) မနက်ဖြန်

တစ်ခါက လူငယ်လေးတစ်ယောက်ရှိတယ်တဲ့။ သူဟာ အင်မတန်ပျင်းတယ်။ ပြောမရ၊ ဆိုမရ၊ ဆုံးမလို့မရနဲ့။ သူ့ဖခင်နဲ့ မိခင်က ရွာဦးက ဆရာတော်ကျောင်းကိုပို့ပြီး ကျောင်းနေစေတယ်။ ထိုသူငယ်ဟာ ပျင်းပေမယ့် ချမ်းတော့ချမ်းသာချင်တယ်။ ဒါကြောင့် ဆရာတော်က ချော့လိုက်ခြောက်လိုက်နဲ့ သင်ကြားပေးတယ်။
`မင်းစာတွေတတ်ရင် ချမ်းသာမှာကွ´လို့ပြောပြီး၊ သင်ပေးရတာပေါ့။ သူငယ်ဟာ ကြိုးစားရင်း ကြိုးစားရင်း လူတော်လေးဖြစ်လာတယ်။ ဒါပေမယ့် မချမ်းသာသေးဘူး။ ဒါကြောင့် ဆရာတော်ကို လျှောက်တယ်။
`အရှင်ဘုရား၊ တပည့်တော် ဘာကြောင့်ခုထိ မချမ်းသာသေးတာလဲ´
`နံပါတ်တစ်ကတော့ မင်း ပညာမတတ်သေးလို့၊ နံပါတ်နှစ်ကတော့ မင်းဟာချမ်းသာဖို့ အချိန်မရောက်သေးလို့ ဒီနှစ်ချက်ကြောင့်ပဲ´
`ဒါဆို တပည့်တော် ဘယ်တော့ ချမ်းသာမလဲဆိုတာ အရှင်ဘုရားပြောနိုင်လား´
`ပြောနိုင်တာပေါ့၊ အတိအကျပြောနိုင်တယ်´
`ဒါဆို တပည့်တော်ကို ပြောပြပါဘုရား´
`မနက်ဖြန်´
`တပည့်တော် မနက်ဖြန်ဆို ချမ်းသာမယ်ဟုတ်လား´
`အသေအချာပေါ့´
သူငယ်ဟာ ၀မ်းသာလို့ တစ်ညလုံး အိပ်လို့မရဘူး။ နောက်တစ်နေ့ရောက်တော့ သူ့ကိုယ်သူကြည့်တယ်။ အရင်အတိုင်းပဲ။ ချမ်းလဲမချမ်း သာလာဘူး။ ဒါနဲ့ ဆရာတော်ကိုလျှောက်တယ်။
`အရှင်ဘုရား တပည့်တော် ဒီနေ့ ချမ်းလဲမချမ်းသာသေးဘူးဘုရား´
`အေးလေ၊ ဘယ်ချမ်းသာဦးမလဲ´
`အရှင်ဘုရားပဲပြောတယ်´
`ငါဘာပြောလို့လဲ´
`မနက်ဖြန် ချမ်းသာမယ်ဆို´
`အေးလေ´
`ဒါဆို ဒီနေ့ တပည့်တော် မချမ်းသာသေးဘူးလေ´
`ဒါအမှန်ပေါ့၊ ဒီနေ့ ဘယ်ချမ်းသာမလဲ၊ မနက်ဖြန်မှ ချမ်းသာမှာ´
`ဒီနေ့ဟာ မနက်ဖြန်လေ၊ ဟာ ရှုပ်ကုန်ပြီ၊ တပည့်တော် နားမလည်ဘူး´
`ငါသိပါတယ်။ ဒါကြောင့် ငါပြောတာပေါ့။ မင်း ပညာတတ်ဖို့လိုသေးတယ်လို့။ မင်းတို့က မနက်ဖြန်ကို မျှော်နေကြတယ်။ တကယ်တမ်း မနက်ဖြန်က ရောက်လာရော၊ မနက်ဖြန်ဟာ ဒီနေ့ဖြစ်သွားတယ်။ မင်းနဖူးတွေ့ ဒူးတွေ့ တွေ့ကြုံခံစားတာဟာ ဒီနေ့ပဲ။ မနက်ဖြန်မဟုတ်ဘူး။ ဒီနေ့ . . . . . .´
အတန်ကြာစဉ်းစားပြီးနောက် သူငယ်ဟာ `တပည့်တော် သဘောပေါက်ပါပြီဘုရား´လို့ တင်လျှောက်လိုက်သတဲ့။

ပုံပြင်ထဲမှာတော့ သူငယ် ချမ်းသာသွားတယ်ဆိုတာ မပါလာဘူး။ သို့သော် ကျွန်တော်တို့ဟာ မနက်ဖြန်ကို မျှော်လင့်နေတာ အသေအချာ ပဲ။ ခုလုပ်လို့ပြီးနိုင်တာတွေကို မနက်ဖြန် ရွှေ့နေကြတယ်။ မနက်ဖြန်မှဖြစ်မယ့် ကိစ္စတွေကို ဒီနေ့တွေးပူနေကြတယ်။ ကျွန်တော်တို့ဟာ ပစ္စုပ္ပန်မှာ မနေကြဘူး။ အတိတ်ကိုသတိရတယ်။ အနာဂတ်ကို မျှော်ကြတယ်။ ဒေးကာနက်ဂျီရဲ့ `သောကကင်းဝေး နေနိုင်ရေး´စာအုပ်ထဲ မှာ ဆာဝီလျံအော့စလာအကြောင်း ရေးထားတာကို မှတ်သားရဖူးတယ်။ သူ့အကြောင်းကိုရေးထားတဲ့ စာအုပ်က နှစ်တွဲတောင်ရှိပြီး အတော်လေးထူတယ်။ သူငယ်စဉ်က ဆေးကျောင်းတက်နေစဉ် ပူပင်သောကရောက်နေတယ်။ ဘာမှမလုပ်နိုင်၊ မကိုင်နိုင်၊ မစားနိုင်၊ မသောက်နိုင်ဖြစ်နေတယ်တဲ့။ ဒီအခါ စာတစ်ပုဒ်ကို ဖတ်မိတယ်။ `ကျုပ်တို့အလုပ်က အဝေးကြီး မထင်ရှားရှိနေတာကို ကြည့်ဖို့မဟုတ်ဘူး။ အနီးကပ် လက်ထဲမှာရှိတာကို လေ့လာဖို့ပဲ´တဲ့။ ဒီစာဖတ်ပြီးနောက် သူဟာ တစ်ရက်စာအတွက်သာ စာဖတ်တယ်။ တစ်နေ့တာအတွက် သာ ရပ်တည်တယ်။ နောက်နေ့အတွက် ပူပန်မနေတော့ဘူး။ ဒါနဲ့ပဲ သူကျောင်းမှာ အမှတ်ကောင်းကောင်းရခဲ့တယ်။ ဂျွန်ဟော့ကင် ဆေးကျောင်းမှာ ပါမောက္ခဖြစ်လာတယ်။ ဘုရင်မကချီးမြှင့်တဲ့ သူရဲကောင်းဘွဲ့ကိုရတယ်။ တက္ကသိုလ်ကြီးလေးခုကိုလှည့်ပြီး၊ ပါမောက္ခလုပ်ရတယ်။ Brain if Special Quality ဆိုတဲ့ စာအုပ်ကိုလည်းရေးခဲ့တယ်။ တစ်ရက်မှာ သူ ယေးလ်တက္ကသိုလ်မှာ ဟောပြောခဲ့တယ်။ သူကျောင်းသားတွေကို ရှင်းရှင်းလင်းလင်းပြောတာပါပဲ။ `ပါမောက္ခကြီးဖြစ်လို့ မင်းတို့က ငါ့မှာ အင်မတန်ကောင်းတဲ့ ဦးနှောက်ရှိတယ်လို့ မထင်ပါနဲ့၊ ငါဟာ သာမန်လူတစ်ယောက်ပါပဲ။ သာမန်ဦးနှောက်ပဲရှိတယ်။ ဒါပေမယ့် ငါက တစ်နေ့စာအတွက် တစ်နေ့သာစဉ်းစားတယ်။ သင်္ဘောတွေမှာရှိတဲ့ ရေလုံခန်းတွေလိုပဲ။ တစ်ခန်းရေ၀င်ရုံနဲ့ သင်္ဘောမမြုပ်နိုင်ဘူး။ အနာဂတ်ဆိုတာ ယနေ့ပါပဲ။ မနက်ဖြန်ဆိုတာ မရှိဘူး. . .´တဲ့။ ဆာအော့စလာက မနက်ဖြန်အတွက် မပြင်ဆင်ရဘူးလို့ပြောတာမဟုတ်ဘူး။ မနက်ဖြန်အတွက် ပူပန်မှု ကင်းဖို့ပြောတာပါပဲ။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့လည်း ပစ္စုပ္ပန်ကို တည့်တည့်ရှုရမယ်ဆိုတာကို သိထားပါတယ်။ ယနေ့ကို တည့်တည့်ရှုရ တယ်။ ဒါပေမယ့် အိုနာသေဘေးအတွက် ပြင်ဆင်ထားဖို့ နားလည်ထားရတယ်။ ဘ၀မှာ ပူပန်မှုကင်းစွာ ခရီးဆက်ရမှာဖြစ်တယ်။ အဲသလို တည့်တည့်ရှုတဲ့ ခရီးမှာ အပူအပင်ကင်းတယ်။ အောင်မြင်ကြပါတယ်။ ။ (ဒေါက်တာခင်မောင်ညို)

မှတ်ချက်။ ။ ကိုယ်တိုင်ရေးစာမူမဟုတ်ပါဘူး၊ copy ကူးပြီး ပြန်ရေးတာပါ။ ရန်ကုန်သားကို အထင်ကြီးနေမှာဆိုးလို့ပါ။ ဖတ်မိတာ တွေထဲက ကောင်းတာလေးတွေကို မကြာမကြာ တင်ပေးပါ့မယ်။ ကိုယ်ကိုယ်တိုင်က သိပ်မရေးနိုင်သေးဘူးလေ။ မရေးနိုင်သေးလို့ဆိုပြီး လဲ တွေးပြီးပူမနေတော့ပါဘူး။ ရေးနိုင်မှပဲ ရေးတော့မယ်။ ဒါနဲ့စကားမစပ် ရန်ကုန်၊ မြေနီကုန်းက Dagon Centre မှာ ၄-၅-၀၇ နေ့က ရွာလိုက်တဲ့မိုးကြောင့် မြေအောက်ကားပါကင်ထဲကိုရေ၀င်ပြီး ကားတွေရေမြုပ်သွားလို့ ၅-၅-၀၇ နေ့မှာ Centre ကိုပိတ်ပြီး၊ မီးသတ်ကား တွေနဲ့ ရေတွေစုပ်ထုတ်နေရပါကြောင်း သတင်းကြားသိရပါတယ်။ သမာအာဇီဝကျကျနဲ့ စီးပွားရှာပြီး ၀ယ်ထားတဲ့ကားတွေဆိုရင်တော့ ကားပိုင်ရှင်တွေကိုတော့ သနားပါတယ်။ မတရားနည်းလမ်းတွေနဲ့ ရထားတာတွေဆိုရင်တော့ ၀မ်းတောင်သာသေးတယ်ဗျိုး . . . . . . . ။

Friday, May 4, 2007

မိုးအရမ်းရွာတယ်. . . . .

ဒီနေ့ ရန်ကုန်မှာ မိုးမလင်းခင်ကတည်းက မိုးရွာလိုက်တာ ည အိပ်တဲ့အထိ မတိတ်ဘူး။ မုန်တိုင်းရှိတယ်လို့တော့ ပြောတာပဲ။ ရန်ကုန်မြို့ကြီး ရေလျှံသွားတာပေါ့။ တစ်ချို့နေရာတွေမှာ ပေါင်အထိတောင် ရေတက်တယ်လို့ပြော တယ်။ မိုးရေက မြစ်ထဲကိုမဆင်းနိုင်ပဲ မြစ်ထဲကရေကပါ မြို့ထဲပြန်ဝင်လာတယ်လို့တော့ တစ်ခြားသူတွေပြောတာပဲ။ ကိုယ်ကတော့ မိုးရေစိုမှာဆိုးလို့ အပြင်မထွက်ဘူး။ ညနေရောက်တော့ မိုးနဲနဲ ဆဲသွားတာနဲ့ အပြင်ကို ခဏထွက်လိုက်ပါတယ်။ ၁၀ မိနစ်တောင်မရှိသေးဘူး။ လေရောမိုးရောချလိုက်တာ... လူကို ကြွက်စုတ်ဖြစ်ရော။ မဖျားအောင် ဆေးတော့ ကြိုသောက်ထားရတယ်။ ပူတော့လဲ ပူလို့တဲ့၊ မိုးရွာတော့လဲ ရွာလို့တဲ့။ လူတွေနော် ကောင်းကိုမကောင်းဘူး... (ကိုယ်က လူမဟုတ်ဘူး.....ဟိ) မနေ့ကတည်းက မိုးက ရွာချင်နေတာ။ ကြည့်ရတာ ပါမစ်မရသေးလို့ မရွာတာနဲ့တူတယ်။ ဒီနေ့မှ အတိုးနဲ့ရွာတယ်ထင်တယ်။ မိုးရွာနေတာနဲ့ နေ့လည်စာတောင် ထွက်မစားဖြစ်လိုက်ဘူး။ ညနေမှ စားရတယ်။ မိုးကဆွေပြီးရွာလိုက်တာ လူတောင်ဆွေးချင်သလိုလိုဖြစ်တယ်။ ကိုယ်ကလည်း တစ်ယောက်တည်းဆိုတော့ လွမ်းတယ်။ ဒီနေ့ တစ်နေ့လုံးလဲ အင်တာနက် connection ကမကောင်းဘူး။ ကျလိုက် တက်လိုက်ဖြစ်နေတာ။ တစ်ယောက်သောသူနဲ့လဲ ကောင်းကောင်း မ chat ရဘူး။ စိတ်ကိုညစ်နေတာပဲ။ ညပိုင်းရောက်မှ connection ကပြန်ကောင်းသွားတယ်။ အခုမှ ကိုယ့်ရဲ့ blog ကို ပြန်ရေးဖြစ်တော့တယ်။ အလုပ်များနေတာနဲ့၊ connection မကောင်းတာနဲ့၊ ဘာရေးရမှန်း စဉ်းစားလို့မရတာနဲ့၊ ......................နဲ့ မရေးဖြစ်တာကြာပြီ။ တစ်လလောက်တောင်ရှိပြီ။ ဒီနေ့ညပိုင်း အသိတစ်ယောက် ရောက်လာတာနဲ့ blog မှာ သီချင်းဖွင့်လို့ရအောင် လုပ်လိုက်တယ်။ တော်ပြီ... နောက်မှ ဆက်ရေးမယ်။ အခု တစ်ယောက်ယောက်ကို လွမ်းလာလို့။

Wednesday, March 28, 2007

နောက်တစ်ပုဒ်

ဒါကတော့ သစ္စာနီရဲ့ ၀တ္ထုတိုနောက်တစ်ပုဒ်ပေါ့။ ဒီတစ်ပုဒ်ကတော့ ဖတ်လိုက်ရင် တစ်ခုခုကိုသိလိုက်သလိုပဲ၊ ဒါပေမယ့် ပြန်မပြောပြတတ်ဘူး။ အပေါ်ယံအသိမဟုတ်ဘဲ စာဖတ်သူတွေရဲ့ စိတ်ထဲကကိုသိသွားအောင် ရေးနိုင်တယ်လို့တော့ ထင်တယ်။ ဖတ်ကြည့်လိုက်ပေါ့။

- - - - -
နားမလည္ဘူး အက်ႌ
ကျွန်တော် ၀တ်ထားသော အက်ႌကို နားမလည္ဘူးအက်ႌဟု ခေါ်ပါသည်။ ထိုအင်္ကျီ၏အဆင်မှာ ခါးသက်သက်အရသာ ဖြစ်ပါသည်။
ဥာဏ်တုံးသော သိုးတွေမှာ အင်္ကျီ မရှိပါ။
စပ်စုတတ်သော မျောက်တွေမှာ အင်္ကျီ မရှိပါ။
ရန်လိုသော မြေခွေးတွေမှာလည်း မင်္ကျီ မရှိပါ။
ထို့နောက် . . . .
ထို့နောက် . . . . တို့တွင်လည်း အင်္ကျီ မရှိပါ။
ကျွန်တော်တွင် အင်္ကျီရှိပါသည်။ အက်ႌ ၀တ္ထားေသာ အက်ႌကို `နားမလည္ဘူး အက်ႌ´ဟု ခေါ်ပါသည်။ ထိုအင်္ကျီ၏ အဆင်မှာ ခါးသက်သက် အရသာဖြစ်ပါသည်။
`ရှင့်ကို ကျွန်မ နားမလည်ဘူး´(ကျွန်တော့်ချစ်သူက ပြောခဲ့သည်) `မင်းကို တို့ နားမလည်ဘူး´(ကျွန်တော့်မိဘများက ပြောခဲ့သည်) `ခင်ဗျားကို ကျွန်တော်တို့ နားမလည်ဘူး´(ကျွန်တော်၏ မိတ်ဆွေများနှင့် ရန်သူများကပြောခဲ့သည်) `ကျွန်တော်ဟာ စာအုပ်တစ်အုပ် မဟုတ်ပါဘူး´(ကျွန်တော်က ပြောခဲ့သည်။ ငြင်းဆန်ခြင်းအတွက် ရှက်ရမှန်း မသိသော ကာလများကဖြစ်သည်) မည်သူကမျှ နားမလည် သည်ဖြစ်စေ၊ ထိုအင်္ကျီမှာ ကျွန်တော်နှင့် တိုင်းချုပ်ထားသည့်အလား အသားကျနေပြီ ဖြစ်သဖြင့် ချွတ်ပစ်ရန် မဖြစ်နိုင်တော့ပါ။

ဟောဟို လူကတော့ လမ်းဘေးက ဘေထုပ်ထည် အ၀တ်ဟောင်းပုံကြီးကို မွှေနောက်ရှာဖွေလို့ပေါ့။ စုတ်ဖတ်ဖတ် အောက်သိုးသိုး အနံ့အသက်နှင့် ထိုဈေးပေါပေါ အင်္ကျီဟောင်းများကို ၀ယ်ဝတ်ဆင်သော ထိုလူ၏ချိုင်းကြားထဲတွင် ခေတ်မရှိတော့သော နိုင်ငံရေးကျမ်းစာအုပ် တစ်အုပ်ကို ညှပ်ထားတာတွေ့ရ၏။
ဟောဟိုလူကတော့ စပ်ဖြဲဖြဲအဆင်နှင့် အရောင်မခိုင်သော အထည်စကိုကိုင်ကာ အပ်ချုပ်ဆိုင်တွင်ရပ်ရင်း (ခပ်ပွပွ ချုပ်ပေးပါ)ဟု အော်နေသည်။ ထိုအပ်ချုပ်ဆိုင်နာမည်က `ခေတ်အကြိုက်´ဆိုလား ဘာလားမသိ။

ဟောဟိုလူကတော့ မီနီမတ်ကတ်တစ်ခုတွင် ရယ်ဒီမိတ်အင်္ကျီ တစ်ထည်အား တံဆိပ်ကိုကြည့်၍ ၀ယ်ယူနေလေသည်။ ခုလို အသင့်ချုပ်ပြီးသားတွေ ၀ယ်ဝတ်ရတော့ မပင်ပန်းဘူးပေါ့ဟု ပြောလိုက်သေးသည် ထင်ပါသည်။
လူတို့သည် အင်္ကျီအမျိုးမျိုးကို ဒီဇိုင်းအမျိုးမျိုးဖြင့် ၀တ်လျက်ရှိပါသည်။ ပလေတိုး၏မျက်စိနှင့်တူသော ကြယ်သီးပေါက်ကျဉ်းကျဉ်းများ၊ မတော်လောဘနှင့်တူသော အိတ်ပွပွကြီးများ(တစ်ချို့အင်္ကျီများတွင် လူမမြင်အောင် တပ်ဆင်ထားသော အိတ်ခိုးများလည်း ပါရှိသေးသည်) ဂျူးလိယက်ဆီဇာ၏ ဓားနှင့်တူသော ကော်လာချွန်ချွန်များ။
သို့သော် ထိုအင်္ကျီအားလုံးမှာ ဆင်ခြင်ခြင်နှင့် ကိုက်ညီအောင် ချုပ်လုပ်ထားရာ၌မူ အားလုံးတူကြပါသည်။ (ဥပမာ- ညီညာသေသပ်သော ချုပ်ရိုးချုပ်သားများ) ထိုအင်္ကျီများတွင်လည်း ကျွန်တော်၏အင်္ကျီအမည်(နားမလည်ဘူး)ကဲ့သို့ပင် အနည်းဆုံး အမည်နာမ တစ်ခုစီတော့ ရှိကြပါသည်။ ဥပမာ အမြင်မကျယ်ခြင်း၊ လှေနံဓားထစ်၊ မစ္ဆရိယစိတ်၊ ငါ အမှန် စသဖြင့် ဖြစ်ကြပါသည်။ ကျွန်တော့် အင်္ကျီအမည်ကတော့ နားမလည်ဘူး ဖြစ်ပါသည်။

ကျွန်တော်သည် အဖြေတစ်ခု ထွက်ရမည့် သင်္ချာတစ်ပုဒ် မဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် ပြဌာန်းခံ အရာဝတ္ထု မဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် မိုးကျလျှင် ပွင့်ရမည့် စံပယ်တစ်ပွင့်မဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် အိုင်းစတိုင်း၏ ရီလေတစ်ဗီတီ သီအိုရီမဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် ယုတ္တိဗေဒအနည်ထိုင်နေ သည့် ဦးနှောက်များ စားသုံးရမည့် မနက်စာ အာဟာရတစ်ပွဲမဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် ငွေတစ်ရာ ပေးသူတိုင်းကို အဖုံးဖွင့်ခွင့်ပေးသည့် ရေခဲစိမ်ဘီယာ တစ်ပုလင်းမဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ လောကတွင် ကျွန်တော် မမျှော်လင့်ဆုံးသော အရာမှာ လူများ၏ နားလည်မှုပင် ဖြစ်ပါသည်။

ကျွန်တော် ၀တ်ထားသောအင်္ကျီကို `နားမလည်ဘူး အင်္ကျီ´ဟု ခေါ်ပါသည်။ ထိုအင်္ကျီမှာ လူတို့နားမလည်နိုင်သော ကောင်းကင် တစ်ခု၊ လူတို့ နားမလည်နိုင်သော အတောင်ပံတစ်စုံ၊ လူတို့နားမလည်နိုင်သော အလင်းဓာတ် တစ်စုံတစ်ရာ၊ လူတို့ နားမလည်နိုင်သော ဥယျာဉ် တစ်ခု၊ လူတို့ နားမလည်နိုင်သော တူရိယာတစ်လတ်၊ လူတို့ နားမလည်နိုင်သော. . . . . . နားမလည်မှုများဖြင့် ချုပ်ထားသော အင်္ကျီဖြစ်ပါသည်။

ထိုအင်္ကျီကို ၀တ်ဖို့အတွက် ကျွန်တော် အဖိုးအခအနည်းငယ်သာ ပေးခဲ့သည်။ ထိုအဖိုးအခမှာ လူများ၏ မုန်းတီးခြင်းပင် ဖြစ်ပါသည်။ (လူများ၏ မုန်းတီးခြင်းမှာ ကျွန်တော့်အတွက် ပဲဝက်မျှလောက်ပင် မတန်သော အရာဖြစ်ပါသည်) ထိုအင်္ကျီကို ၀တ်ဆင်မည်ဆိုလျှင် သင်သည် အရည်အချင်းသုံးရပ်နှင့် ပြည့်စုံရန်လိုပါသည်။ ထို အရည်အချင်းများမှာ. . .
(၁) လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း
(၂) လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း နှင့်
(၃) လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း တို့ဖြစ်ပါသည်။
အထက်ပါ အရည်အချင်းများနှင့် ပြည့်စုံပြီဆိုလျှင် သင်သည် ကျွန်တော့်လို အင်္ကျီတစ်ထည်ရနိုင်ပါပြီ။ လိုချင်လျှင် အောက်ပါလိပ်စာအတိုင်း တောင်းယူနိုင်ပါသည်။ လိပ်စာမှာ သင်နှင့် အဝေးဆုံးဟုဆိုရမည့် သင်ကိုယ်တိုင်၏ အသည်းနှလုံးထဲမှာသာ ဖြစ်ပါသည်။
- - - - - - - - - - - - - - - - - -
တစ်ခုခုတော့နားလည်လိုက်တယ် ထင်တယ်။ ပြန်မပြောတတ်ဘူး။ ပြန်ပြောပြဖို့အတွက် စကားလုံးရှာမရဖြစ်သွားတယ်။ ဟုတ်တယ်နော်။ အင်း. . . . . . ဒါကတော့ ကျနော့် အမြင်ပါ။

Thursday, March 22, 2007

ဝတ္ထုတိုလေးတစ်ပုဒ်

ပျင်းပျင်းရှိတာနဲ့ စာအုပ်တစ်အုပ်ဖတ်လိုက်တယ်။ သစ္စာနီရဲ့ ၀တ္ထုတို(၆၀) ဆိုတဲ့ စာအုပ်ပေါ့။ မော်ဒန်ဝတ္ထုတွေဆို တော့ သိပ်နားမလည်ဘူး။ အေးအေးဆေးဆေး အချိန်ပေးပြီး ဖတ်မှအဆင်ပြေမယ့် ၀တ္ထုတိုတွေပေါ့။ ဟိုလှန် ဒီလှန်နဲ့ စာအုပ်နောက်ပိုင်းရောက်တော့ `သစ္စာနီကို သိသလား´ဆိုတဲ့ ခေါင်းစဉ်ကို စိတ်ဝင်စားတာနဲ့၊ အဲဒီ ၀တ္ထုတိုကို ဖတ်ဖြစ်လိုက်တယ်။ တော်တော်လေးကောင်းတယ်။ လူတွေရဲ့ အဓိကနဲ့သာမည ကို မခွဲနိုင်တာ၊ တစ် ဆိုရင် တစ် ပဲဆိုပြီး အသေစွဲကိုင်ထားတာ၊ ဆင်ကိုတွေ့နေရဲ့သားနဲ့ ခြေရာကိုလိုက်ရှာချင်တဲ့ စိတ်တွေကို ထောက်ပြထားတာ၊ ကျနော်ကတော့ ကောင်းတယ်လို့ထင်တယ်။ ကောင်းမကောင်းဆိုတာကတော့ ကိုယ်တိုင်ဖတ်ကြည့် လိုက်ရင်သိမှာပါ။ ဖတ်စေချင်လို့ လက်ညောင်းခံပြီး၊ ၀တ္ထုတစ်ပုဒ်လုံးကို ရိုက်ပြီး တင်ပေးလိုက်တယ်။ ဖတ်ကြည့်လိုက်ပေါ့.....

သစ္စာနီကိုသိသလား
ထိုနေ့က မှတ်ပုံတင်ရုံးသို့ ရောက်ရှိသွားသည်။ ကျွန်တော်၏ မှတ်ပုံတင်ပျောက်ဆုံးနေခဲ့သည်မှာ ကြာလေပြီ။ ဘယ်တုန်းက ပျောက်ဆုံးခဲ့တာလဲ။ ဘယ်နေရာမှာ ပျောက်ဆုံးခဲ့တာလဲ။ ဘယ်လိုပျောက်ဆုံးခဲ့တာလဲ။ ကျွန်တော် မမှတ်မိတော့။ မှတ်ပုံတင်ရုံးမှ အရာရှိက မှတ်ပုံတင်အသစ်လုပ်လိုလျှင် ကျွန်တော်ဟာ ကျွန်တော်ဖြစ်ကြောင်း သက်ဆိုင်ရာ၏ သက်သေခံ အထောက်အထားတွေ ယူလာရမည်ဟုပြောသည်။
``ကျွန်တော်က ကျွန်တော်အစစ်ပါ´´
``သက်သေအထောက်အထားက ဘယ်မှာလဲ´´
``ဒီမှာ၊ ကျွန်တော်လေ´´
နောက်ဆုံးတော့ ကျွန်တော်သည် ကျွန်တော်ဖြစ်ကြောင်း သက်သေခံရန်မှာ ကျွန်တော်နှင့် မလုံလောက်ကြောင်း ကျွန်တော် သိ၍သွားပါသည်။ ကျွန်တော်သည် ကျွန်တော်ဖြစ်ကြောင်း အခြားသူတို့က ထောက်ခံပေးရပါမည်။ (သူတို့က ကျွန်တော်သည် ကျွန်တော်ဖြစ်ကြောင်း ကျွန်တော့်ထက်ပို၍ သိပုံရ၏)
ကျွန်တော် ပန်းခြံထဲတွင် သွားထိုင်ရင်း စဉ်းစားနေမိသည်။ ပတ်ဝန်းကျင်တွင် ရောင်စုံပန်းကလေးတွေ ပွင့်နေသည်။ ပန်းကလေးများမှာ ပန်းကလေးများပင်ဖြစ်ကြသည်။ ခပ်လှမ်းလှမ်း ကောင်းကင်တွင် ငှက်တစ်အုပ်ပျံသန်းသွားကြသည်။ ငှက်များသည် ငှက်များပင်ဖြစ်ကြသည်။ သူတို့တွင် မှတ်ပုံတင်ရှိပုံမရ။ မျက်မှန်တပ်ထားသောလူတစ်ယောက် ကျွန်တော့်ဘေးတွင် လာထိုင်၏။ သူက ကျွန်တော့်ကို သေသေချာချာကြည့်ကာ. . .
``ဟေ့လူ ခင်ဗျားက သစ္စာနီနဲ့ တော်တော်တူတယ်´´ဟုပြော၏။
ကျွန်တော်က. . .
``ခင်ဗျားက သူ့ကိုသိလို့လား´´
``ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ တစ်ခါတလေ ပါတတ်တဲ့ သူ့ဓာတ်ပုံကို မြင်ဖူးတယ်လေ။ ခင်ဗျားကိုယ် ခင်ဗျားရော သူနဲ့တူတယ် လို့ မထင်ဘူးလား´´
``တူမှာပေါ့၊ သူက ကျုပ်ပဲကိုး´´
``ဘယ်လို သူက၊ ကျုပ်ဖြစ်ရမှာလဲ။ ကျုပ်ကကျုပ် သူကသူ မဟုတ်လား´´
``ကျွန်တော်ပြောချင်တာက ဒီလိုပါ၊ ကျွန်တော်ဟာ သစ္စာနီပဲ´´
``ဟုတ်ရဲ့လား´´
သူရဲ့လေသံက မယုံသင်္ကာဟန် ပေါက်နေသည်။
``ဟုတ်ပါတယ်၊ ခင်ဗျား သူ့ကို မြင်ဖူးရင် သိမှာပေါ့´´
``သူက ထိပ်ပြောင်တယ်၊ မျက်မှန်တပ်တယ်´´
``အင်းလေ... ကျုပ်လည်း ထိပ်ပြောင်တယ်၊ မျက်မှန်တပ်တယ်´´
``အင်းပေါ့၊ လောကကြီးမှာ နာမည်တူမရှား လူတူမရှားပဲဟာ´´ ဟုဆိုကာ သူထွက်သွားသည်။
``ဟေ့လူ. . . ကျွန်တော်က သစ္စာနီအစစ်ပါ´´ဟု အော်ပြောသော်လည်း ထိုလူက ဂရုစိုက်ပုံမရ။ ကျွန်တော်ပန်းခြံထဲကထွက်ကာ ဘတ်စ်ကား စီလားခဲ့သည်။ ကျွန်တော့်ဘေးတွင် ထိုင်နေသော သူတစ်ယောက်က နှုတ်ခမ်းလှုပ်ကာ တစ်စုံတစ်ခု တီးတိုးရေရွတ်နေသည် ကို ဂရုပြုမိ၏။ နားစိုက်ထောင်လိုက်သောအခါ သူသည် ကဗျာတစ်ပုဒ်ကို ရွတ်နေခြင်းဖြစ်၍၊ သူရွတ်နေသောကဗျာမှာ ကျွန်တော်ရေးခဲ့သော ကျွန်တော်ရေးခဲ့သော ကဗျာတစ်ပုဒ် ဖြစ်နေလေသည်။ (နစ်ရှေး၏ ပင်လယ်၊ ဟန်သစ်မဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၀၀၃)
နစ်ရှေးရဲ့ ပင်လယ်ဟာ
ရေကူးကန်နဲ့ အိမ်ကြီးမှနေတယ်
အဲဒီမှာ နာမည်ကျော်
`သင်္ဘောပျက်များသမိုင်း´ကျမ်းကိုရေးခဲ့တယ်။
(အဲဒီစာအုပ်က ရေညှိမတက်ဘူးတဲ့)
နစ်ရှေးရဲ့ ပင်လယ်ဟာ
ဝံပုလွေလာဆင်နဲ့ နှစ်ယောက်တည်းချိန်း
ဂေါက်ရိုက်ရင်း လေချွန်နေတတ်တယ်
တေးသွားအလိုက်က. . .
`ဘုန်းမိုးသွန်းလောင်း´နဲ့ ခပ်ဆင်ဆင်ရယ်။
ထိုသူသည် တတွတ်တွတ်ရွတ်နေရာမှ ရပ်လိုက်သည်။ သူ့ပုံကြည့်ရသည်မှာ ရွတ်ရင်းတန်းလန်းနှင့်ပင် ကဗျာကို မေ့လျော့သွားဟန်တူသည်။ ကျွန်တော်က သူမေ့လျော့နေသောကဗျာကို ဆက်ရွက်ပြလိုက်သည်။
နစ်ရှေးရဲ့ ပင်လယ်ဟာ
ပြင်သစ်တော်လှန်ရေးနဲ့ ရန်ဖြစ်ဖူးတယ်
ကွန်ပျူတာသင်တန်းလည်း မတက်ဘူး
တစ်ခါတလေ. . .
မုန်တိုင်းကို ၀ိုင်လုပ်သောက်တတ်တယ်။
ဒါပေမဲ့. . .
သောင်ပြင်မှာ သူ သိမ်မွေ့နေပုံကတော့
ကျောအသပ်ခံရတဲ့ ကြောင်သေ တစ်ကောင်လိုပဲတဲ့။
ထိုသူက ကျွန်တော့်ကို လှည့်ကြည့်ကာ
``ကျွန်တော် သဘောကျတဲ့ ကဗျာတွေကို အလွတ်ကျတ်ထားတတ်တယ်။ ဒါ ကျွန်တော် သဘောကျတဲ့ သစ္စာနီရဲ့ကဗျာ တစ်ပုဒ်ပဲ။ ခင်ဗျားလည်း သူ့ကဗျာတွေကို အလွတ်ရနေတာကိုး´´
ကျွန်တော်က ပြုံးကာ. . .
``အလွတ်ရမှာပါ့. . . ကျွန်တော်က သူပဲကိုး´´
``ဘာလဲဗျ၊ ကျွန်တော်က သူဆိုတာ။ ကျွန်တော်က ကျွန်တော်၊ သူက သူပေါ့´´
``ဒီလိုပါ ဆိုလိုတာက ကျွန်တော်ဟာ သစ္စာနီပါပဲ´´
ထိုသူက မယုံသင်္ကာသော မျက်လုံးများဖြင့်ကြည့်သည်။ ပြီးမှမေး၏။
``ဘာသက်သေရှိလဲ´´
``ခုန ကဗျာကို အလွတ်ရွတ်ပြတယ်လေ´´
``ကျွန်တော်လည်း အလွတ်ရတာပဲ။ ဒါဆို ကျွန်တော်က သစ္စာနီလား။ ကြက်တူရွေးတစ်ကောင်ကို သင်ပေးရင် သူလည်း အလွတ်ရမှာပဲ။ သူက သစ္စာနီလား´´
``ဒီလိုတော့လည်း မဟုတ်သေးဘူးလေ´´
ကျွန်တော် ဆက်လက်ရှင်းပြခွင့်မရတော့။ ရပ်လိုက်သော မှတ်တိုင်တွင်ပင် သူ ကျွန်တော့်ဘေးမှ ထကာ ဆင်းသွားလေသည်။ ကျွန်တော့်ဘက်ကို တစ်ချက်လေးမှပင် စောင်းငဲ့မကြည့်ခဲ့။ ရှေ့မှတ်တိုင် ရောက်သောအခါ ကျွန်တော်လည်း ထိုကားပေါ်မှ ဆင်းလာခဲ့သည်။ ဆာလောင်နေသဖြင့် လမ်းပေါ်တွင် တွေ့ရသော လက်ဖက်ရည်ဆိုင်ထဲ ၀င်သွားကာ ချောင်ကျကျ စားပွဲတစ်လုံးတွင် သွားထိုင်လိုက်၏။ ထိုစားပွဲတွင် ကျွန်တော့်အရင် ရောက်နှင့်နေသူတစ်ဦးက ငုံ့ကာ စာအုပ်တစ်အုပ်ကို စိတ်ဝင်စားစွာ ဖတ်ရှုနေသည်ကို တွေ့ရ၏။ ကြည့်လိုက်သောအခါ ကျွန်တော့်စာအုပ်တစ်အုပ်ဖြစ်နေသည်။ (ထိုစာအုပ်မှာ လက်ရွေးစင်မော်ဒန် ၀တ္ထုတိုများဖြစ်သည်) ကျွန်တော့် စာဖတ်ပရိတ်သတ်တစ်ဦးကိုတွေ့ရသဖြင့် ၀မ်းသာသွားကာ မေးလိုက်မိသည်။
``ခင်ဗျား သစ္စာနီကို သိသလား´´
``သိတယ်၊ ကျွန်တော်ကိုယ်တိုင် သိတာတော့ မဟုတ်ဘူး။ ကျွန်တော့မိတ်ဆွေ စာရေးဆရာ တစ်ယောက်က သူနဲ့သိလို့ ပြန်ပြောပြတာ။ သူက အရပ်ပုပု၊ အသားညိုညို၊ အဲ ခင်ဗျားလိုနေမှာပေါ့။ ထိပ်လည်းပြောင်သေးတယ်တဲ့ဗျ´´
``မှတ်တာပေါ့´´
``စကားပြောရင် တစ်ခါတလေ ရမ်းရမ်းကားကား ပြောတတ်တယ်တဲ့။ သူ ကြည်ညိုတဲ့ လူလည်း မရှိဘူးတဲ့´´
``အဲသလောက်လည်း မဆိုးပါဘူး´´
``အရက်မသောက်ဘူး။ ဆေးလိပ်မသောက်ဘူး။ အိမ်ထောင်မရှိဘူး´´
``နေဦး. . . . . ထပ်ဖြည့်စွက်လို့ရသေးတယ်။ ငွေမရှိဘူး။ ဘွဲ့ထူးဂုဏ်ထူးမရှိဘူး´´
``ပန်းချီလည်း ရေးတယ်တဲ့´´
``ဒါက တစ်ခါတလေပါ´´
``လူတွေနဲ့လည်း မတည့်ဘူးတဲ့´´
``သိပ်မမှန်သေးဘူး။ ခပ်ညံ့ညံ့ လူတွေနဲ့လို့ ပြင်ပြောပါ´´
``နေပါဦး ခင်ဗျားလည်း သူ့ကို သိနေသလား´´
``သူ့ကို မသိပါဘူး။ ကျွန်တော်က ကျွန်တော့်ကိုယ် ကျွန်တော်ပဲ သိတာပါ´´
``ခင်ဗျားဆိုလိုတာက. . .´´
``ကျွန်တော်က သစ္စာနီပဲ´´
ထိုသူက ယုံကြည်ဟန်မပြပဲ ပြောနေ၏။
``သက်သေပြ´´
``ဘာသက်သေလဲ၊ ကျွန်တော့်ကိုယ်တိုင်က ပြောနေတာထက် ခိုင်လုံတာ ရှိဦးမလား´´
``မဟုတ်ဘူးလေ။ ဘယ်သူမဆိုဟာ သမ္မတဟောင်း ကလင်တန်ပဲ။ လူရွှင်တော် ဂျင်ကာရေးပဲ။ ဘရွတ်ရှီးယောက်ျားပဲ။ အိုစမာဘင်လာဒင်ပဲ။ တိုက်ကားဝုဒ်ပဲလို့ ပြောနိုင်ကြတာပဲ။ ခင်ဗျားဟာ သစ္စာနီဆိုရင် မှတ်ပုံတင်ပြ´´
``ကျွန်တော့် မှတ်ပုံတင် ပျောက်နေတယ်´´
``ခင်ဗျား ဒီလို ပြောမယ်လို့ ကျွန်တော် ထင်သားပဲ´´
ထိုသူက ကျွန်တော့်ကို စိတ်ဝင်စားဟန်မပြတော့။ သူ့လက်ထဲက စာအုပ်ကိုသာ စိတ်ပါလက်ပါ ပြန်လည်ဖတ်ရှုနေသည်။ မုန့်နှင့် လက်ဖက်ရည်ကို မြန်မြန်စားသောက်ကာ ကျွန်တော် ဆိုင်ထဲက ထွက်လာခဲ့သည်။ အပြင်တွင် မှောင်စပျိုးနေလေပြီ။ လမ်းဓာတ်မီးတိုင် တွေ လင်းလက်လာ၏။ ကျွန်တော် နေထိုင်သော အခန်းသို့ ပြန်လာခဲ့သည်။ ကျွန်တော်သည် လေးထပ်တိုက် အဆောက်အဦတစ်ခု၏ ဒုတိယထပ်တွင် နေထိုင်သူဖြစ်သည်။ ကျွန်တော်နေထိုင်သော အဆောက်အဦသို့ ရောက်သောအခါ အောက်ဆုံးထပ် လှေခါးဝတွင် ထိုင်နေကာ လူတစ်ယောက်ကိုမြင်လျှင် ထိုသူက ကျွန်တော့်ကို တွေ့သောအခါ ချဉ်းကပ်လာပြီး. . .
``ခင်ဗျားက ဒီမှာနေတဲ့လူလား´´
``ဟုတ်ပါတယ်။ ကျွန်တော် ဘာကူညီရမလဲ´´
``ခင်ဗျား သစ္စာနီကိုသိသလား´´
လာပြန်ပြီ၊ ဒီပြဿနာ။ ကျွန်တော် ရယ်ချင်လာသည်။ ထိုသူက ဆက်၍. . .
``နယ်က သူ့မိတ်ဆွေတစ်ယောက်က လက်ဆောင်ပစ္စည်းတစ်ခု ကျွန်တော်နဲ့ လူကြုံပါးလိုက်တယ်။ ကျွန်တော် လာပေးတော့ သူ အခန်းမှာ မရှိလို့ ဒီအောက်ကစောင့်နေရတာ´´
``ဒါဆို. . . ခင်ဗျား အဲဒီပစ္စည်း ကျုပ်ကိုပေးပြီး ပြန်ပေတော့´´
``ကျွန်တော်က သစ္စာနီကို ပေးရမှာ´´
``သစ္စာနီဆိုတာ ကျွန်တော်ပဲ´´
``ကျွန်တော် မယုံဘူး´´
ကျွန်တော် မယုံတော့။ ထိုသူ့လက်ထဲက အထုပ်ကို လူယူရင်း တစ်ယောက်တစ်ပြန် ရန်ဖြစ်သတ်ပုတ်ကြ၏။ နောက်တော့ ကျွန်တော် ဒဏ်ရာရကာ မေ့သွား၏။
သတိရသောအခါ ဆေးရုံကုတင်တစ်ခုပေါ် ရောက်နေတာ တွေ့ရလေသည်။ ကျွန်တော် ဘာတွေ ဖြစ်ခဲ့သလဲ။ ကျွန်တော် ဘယ်သူ လဲ။ ဘယ်မှာနေသလဲ။ ဘယ်ကလာပြီး၊ ဘယ်ကိုသွားမှာလဲ။ အခု ဘာတွေလုပ်နေလဲ။ ကျွန်တော့်ဘေးကို အပြာရောင် အပေါ်အင်္ကျီရှည် ၀တ်ဆင်ထားသော ဆရာဝန်တစ်ယောက် ရောက်လာသည်။
``ခင်ဗျား ခေါင်းထဲမှာ ဘယ်လိုနေသလဲ´´
``ကွက်လပ်တစ်ခု ရောက်နေသလိုပဲ´´
``ဖြစ်နိုင်တယ်။ ခင်ဗျားခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိသွားတာပဲ။ ရုတ်တရတ် မှတ်ဥာဏ်တွေ ပျောက်ကွယ်သွားနိုင် တယ်။ ကျွန်တော်မေးတာကို စဉ်းစားပြီး ဖြေကြည့်ပါ။ ခင်ဗျား သစ္စာနီဆိုတဲ့ နာမည်ကို သိသလား´´
ကျွန်တော် အလောတကြီး သူ့ကို ပြန်မေးလိုက်မိသည်။
``သစ္စာနီဆိုတာ ဘယ်သူလဲ´´
ဝ ၀ ၀ ၀ ဝ
ဟူး. . . . . . လက်ကိုညောင်းသွားတယ်ပဲ။ ၀တ္ထုကတော့ ဒါလေးပါပဲ။ လူတွေမှာရှိတဲ့ အတ္တစွဲလေးတွေကို ထောက်ပြသွားတယ်လို့တော့ထင်တယ်။ ကျွန်တော့်အထင်ပါ။ ဖတ်လို့ကောင်းတာကတော့ အမှန်ပါ။

Wednesday, March 14, 2007

ဖတ်ကြည့်လိုက်ပါဦး...

`ဘ၀ဆိုတာ ကစားနည်းတစ်ခုပါပဲ၊ ဒါပေမယ့် ပြန်စလို့တော့ မရဘူး´
မှန်လိုက်တဲ့ စကားလေး... ဘ၀မှာကိုယ်လုပ်ချင်တာကို ကိုယ့်ရဲ့စိတ်ကြိုက် လုပ်လို့ရတယ်... လုပ်ခဲ့တဲ့အတိုင်း လည်း အကျိုးပြန်ခံစားရမယ်... ကောင်းတာလုပ်ခဲ့ရင် ကောင်းမယ်... မကောင်းတာလုပ်ခဲ့ရင် မကောင်းတာကို ခံရမယ်... ဘယ်လိုမှ ငြင်းလို့မရဘူး... လက်မခံလို့မရဘူး... နောင်တ ဆိုတာလေးပဲ ရမယ်...
အခုမျက်မှောက်ခေတ်မှာလည်း ဘ၀ကို ကစားစရာတစ်ခုလိုသဘောထားပြီး အပူအပင်မရှိ ပေါ့ပေါ့တန်တန် နေနေတဲ့သူတွေ အများကြီးပဲ... သူတို့မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနေသလဲတော့ မသိဘူး... ရှိပဲမရှိတာလား.. ထားပဲမထားတာလားဆိုတာတော့ သူတို့ပဲသိမှာပေါ့... `မရှိတာထက် မသိတာကခက်တယ်´တဲ့... မသိတာထက် ဆိုးတာကတော့ ဘာမှမလုပ်တာပါပဲ တဲ့... ဖတ်ဖူးထားတာတွေပေါ့... ကိုယ်ကိုတိုင်လည်း တစ်ခါတစ်လေ ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ လေနေတဲ့အချိန်လေးတွေရှိခဲ့တာပေါ့... ဒါပေမယ့် သတိလေးထားပြီး စိတ်မလေအောင်ကြိုးစားရတာပေါ့...
ငယ်ငယ်တုန်းကတော့ ကလေးအတွေးနဲ့ စိတ်ကူးယဉ်ခဲ့တာပေါ့... ငါကြီးလာရင် ဘာဖြစ်အောင်လုပ်မယ်... ပိုက်ဆံတွေကို ဘယ်လိုရအောင်ရှာလိုက်မယ်... လုပ်ငန်းတွေလဲ အများကြီးလုပ်နိုင်အောင်ကြိုးစားမယ်ပေါ့... တကယ့်လက်တွေ့မှာ စိတ်ကူးယဉ်ထားခဲ့တာတွေနဲ့က တစ်ခြားစီပဲ... ငွေအရင်းအနှီးရှိရမယ်... လုပ်ငန်းအတွေ့ အကြုံရှိရမယ်... အဆက်အသွယ်ကောင်းကလဲ ရှိရမယ်... ကျန်တာလေးတွေလဲ ရှိတာပေါ့... ကိုယ့်မှာ အဲတာတွေမရှိလို့ လုပ်လို့မရတော့ဘူးပဲဆိုပါတော့... ကိုယ်ကဘာမှမလုပ်ပဲ ကံကိုပဲပုံချပြီး ငါ့မှာမှမရှိတာဆိုပြီး၊ ထိုင်နေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး... အဲဒီလိုခံယူရင်းနဲ့ တန်ဖိုးမရှိတဲ့သူတွေ ဖြစ်သွားတာအများကြီး ပဲ... အခွင့်အရေးတို့ အခွင့်အလမ်းတို့ဆိုတာကလဲ... ကိုယ်ကထိုင်စောင့်နေလို့ကတော့ သေသွားတဲ့အထိကို ရောက်လာမှာမဟုတ်ဘူး... ကိုယ်ကလည်း တတ်နိုင်သလောက် ရှာရမယ်... ရတဲ့အလုပ်ကို လုပ်... ဂျီးမများနဲ့... အဲဒီကနေ ကိုယ်နဲ့ကိုက်ညီမယ့် လုပ်ငန်းတစ်ခုခုကို တွေ့ကောင်းတွေ့နိုင်တယ်... ဒါမှမဟုတ် အဆက်အသွယ် ကောင်းကောင်းတစ်ခုရနိုင်တယ်... ယုတ်စွအဆုံး ဘာမှမရရင်တောင် လုပ်ငန်းအတွေ့အကြုံလေးတော့ ရအောင် ယူတတ်ရမယ်... ဘာမှမယူနိုင်ခဲ့ဘူးဆိုရင်တော့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်သင့်ပြီ... ငါဟာဘယ်လို လူလဲဆိုတာပေါ့...
ဘ၀ကို ကိုယ့်ရဲ့စိတ်ကြိုက် ကစားလို့ရတယ်... ဘယ်သူမှလဲလာမပြောဘူး... ဘယ်သူမှလဲ ကိုယ်စားလုပ်ပေးလို့ မရဘူး... ဘယ်သူကမှလဲ အမိန့်ပေးလို့မရဘူး... ကိုယ့်ရဲ့စိတ်ကူးအတိုင်း ကစားသွားလို့ရတယ်... တစ်ခုတော့ ရှိတယ်... ကစားတာမကြိုက်တော့လို့ဖြစ်ဖြစ် ကိုယ်ရှုံးတော့မှာကိုကြောက်လို့ပဲဖြစ်ဖြစ် ပြန်ပြီးကစားချင်တယ် ဆိုတာတော့ မရဘူး... အဆုံးသတ်ရလာဒ်ကို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လက်ခံရမယ်... အဲဒီအချိန်မှာ ကိုယ့်ဘက်ကပြုံးနေနိုင်ဖို့ အရေးကြီးတယ်... ကိုယ်လုပ်ခဲ့တာကို ကိုယ်ပဲခံရမှာပဲ... လက်မခံချင် ဘူးဆိုပြီး ငိုနေလို့မရဘူး... အဲဒီတော့ ပွဲပြီးတဲ့အချိန်မှာ ကိုယ်ကပြုံးနိုင် ရယ်နိုင်ဖို့ကို အခုကတည်းက ကြိုးစားသင့်တယ်... နောင်တဆိုတာကို ချေဖျက်နိုင်အောင် ကြိုးစားရမယ်... နောက်ဆုံးပြောချင်တာလေး ကတော့...
`ဘ၀ဆိုတာ ကစားနည်းတစ်ခုပါပဲ၊ ဒါပေမယ့် ပြန်စလို့တော့ မရဘူး´

Monday, March 12, 2007

Meanings of Flowers

blog တွေလိုက်ဖတ်ရင်းနဲ့ Meanings of Flowers ဆိုတာကို ကြိုက်လို့ copy ကူးထားလိုက်တာ... ဘယ်သူ့ဆီကလဲဆိုတာတော့ မမှတ်မိတော့ဘူး... ကူးထားတာတော့ ကြာပါပြီ... ပန်းတွေရဲ့ အဓိပ္ပါယ်က ရေးထားသလို ဟုတ် မဟုတ်ဆိုတာတော့ မပြောတတ်ဘူး... သူများရေးထားလို့ ပြန်ကူးလိုက်တာ... မှားခဲ့တာရှိရင် ကျွန်တော်နဲ့ မည်သို့မှ မသက်ဆိုင်ပါကြောင်း. . . . :)

Meanings Of Flowers

၁. ကံကော်ပန်း = မပြောင်းလဲတဲ့ ထာဝရအချစ်

၂. ကြာပန်း = မိတ်ဆွေတွေရဲ့ဖြူစင်မှုမျိုးနဲ့ခင်မင်ကြရအောင်

၃. ခတ်တာပန်း =အားငယ်သူမို့ညှာတာပါ

၎. ချယ်ရီပန်း = တစ်နေ့နေ့တော့ ဝေးရဦးမယ်

၅. ခေါင်းလောင်းပန်း =အမြန်ဆုံးနီးစပ်ခွင့်ရချင်တယ်

၆. ဂန်နမာဖြူ = ငြိမ်းချမ်းပါစေ

၇. ဂန်နမာဝါ = သတိရနေမယ်

၈. ခရေပန်း = Don't forget me

၉. ဂမုန်းပန်း = မျှော်လင့်ခြင်းများစွာနဲ့ စောင့်နေရသူပါ

၁၀. စံပယ်ပန်း = မင်းရဲ့အချစ်ကို လက်ခံလိုက်တယ်

၁၁. ဆပ်သွားဖူးပန်း = သစ်စာမရှိတဲ့သူအတွက် ၀မ်းနည်းတယ်

၁၂. ဆောင်တော်ကူးပန်း =မင်းကြောင့်ကိုယ့်မှာရူးပြီ

၁၃. ဆယ့်နှစ်ရာသီပန်း =ရိုးသားဖြူစင်ခြင်း

၁၄. ညမွှေးပန်း = အရာရာဟာ မင်းအတွက်ဖြစ်စေရမယ်

၁၅. ဒေလီယာပန်း =မကြာခင်မှာဆုံတွေ့ကြရအောင်

၁၆. ဒန်းပန်း = ဘ၀ကိုအရှုံးမပေးပါနဲ့

၁၇. ဒေါနပန်း = တို့တစ်တွေခွဲခွာကြစို့

၁၈. နှင်းပန်း = အဆင်မပြေမှုတွေဟာ တစ်ခဏပါ

၁၉. နှင်းဆီပန်း = မင်းကို ငါချစ်တယ်

၂၀. နေကြာပန်း = မင်းရဲ့ဘ၀ရှေ့ရေးအဆင်ပြေဖို့ ကိုယ်တာဝန်ယူပါတယ်

၂၁. ပိတောက်ပန်း = မင်းဟာကိုယ့်အတွက် ရှားပါးတဲ့ဆုလာဘ်ပါ

၂၂. ပျားခတ်ပန်း = မင်းဟာ ဒီပန်းလေးလို လှသူတစ်ယောက်ပါ

၂၃. ဖယောင်းပန်း = အထီးကျန်ဖြစ်ခြင်း၊ကြေကွဲအားငယ်ခြင်း

၂၄. မြတ်လေးပန်း = ဇွဲသတ်တိရှိခြင်း

၂၅. မိုးမခပန်း = လွမ်းဆွေးကြေကွဲရခြင်း

၂၆.သဇင်ပန်း = ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့

၂၇. သစ်ခွပန်း = ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံခြင်း

၂၈. သော်ကပန်း = ကိုယ့်ကိုခွင့်လွှတ်ပါ

၂၉. သံလွင်ပန်း = အောင်မြင်ခြင်း ဂုဏ်ပြုခြင်း

၃၀. ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်

၃၁. ၀ိုင်အိုလက်ပန်း = မျှော်လင့်သလိုဖြစ်လာပါစေ

၃၂. အုန်းပန်း = ကံကောင်းခြင်း

Friday, March 9, 2007

ပြောချင်တာလေးတွေ

အခုရက်ပိုင်း နည်းနည်းအလုပ်ရှုပ်သွားတယ်၊ ဓာတ်ပုံကိစ္စလုပ်နေတာနဲ့ ဘာမှကိုမလုပ်နိုင်ဘူးဖြစ်သွားတယ်။ အခုတော့ နည်းနည်း အားသွားပြီ။ လုံးဝတော့ မအားသေးဘူး။ blog မှာရေးချင်တာကလဲ တစ်ပိုင်းကိုသေလို့၊ မအားတာကလဲ တစ်ကိုယ်လုံးကိုမြုပ်လို့၊ တစ်ချို့ကလဲပြောကြတယ်၊ blog မှာ ကဗျာတွေပဲတင်လို့တဲ့၊ ဒါကတော့ ကိုယ့်ခံစားချက်နဲ့ကိုယ်ပေါ့လေ၊ blog ဆိုတာက လူတစ်ယောက်ရဲ့ ခံစားချက်တွေကို ရင်ဖွင့်တဲ့နေရာလေးတစ်ခုပါ၊ ကိုယ်ရေးချင်တာရေးမယ်၊ ကိုယ်ပြောချင်တာပြောမယ်၊ လွတ်လွတ်လပ်လပ်ရေးပိုင်ခွင့်တော့ ရှိတာပေါ့။ တစ်ချို့ကျ တော့လည်း ဆက်ရေး အားပေးတယ်လို့ ပြောပြန်ရော၊ အော်.... တစ်ယောက်တစ်မျိုးစီပါလားနော်၊ လူ့အလို နတ်မလိုက်နိုင်တဲ့၊ လူအမျိုးမျိုး စိတ်အထွေထွေတဲ့၊ မှန်လိုက်တဲ့ စကားပုံတွေ။ စကားပုံဆိုတာက တကယ်ဖြစ်ခဲ့တာကို နှောင်းလူတွေ သင်ခန်းစာယူနိုင်အောင်လို့ ရှေးလူကြီးတွေက ထားခဲ့တာဆိုပဲ။ အဲဒီတော့ စဉ်းစားမိတယ်။ စကားပုံတွေ ထဲကအတိုင်းသာ အမှန်တွေဆိုရင် လူတွေဟာ ဟိုးတုန်းကတည်းက မကောင်းခဲ့တာပဲပေါ့နော်။ အခု လူတွေ မကောင်းတာကို ပုံကြီးချဲ့ပြီးပြောနေလို့လဲ သိပ်ပြီးမထူးဆန်းတော့ဘူးပေါ့နော်။ သားစဉ်မြေးဆက် ဆက်ခံတယ်ပဲ ပြောမလား၊ ရေမြေလိုက်တယ်ပဲ ဆိုမလား? ဟိုတုန်းကတည်းက မကောင်းတာက အခုထိကို မကောင်းဘူး၊ နောင်လဲကောင်းမှာမဟုတ်လောက်ဘူး။ လူဆိုတာကလဲ မကောင်းတာ၊ မဟုတ်တာလုပ်ဖို့ဆိုရင် နှစ်ခါမပြောရဘူး။ အဲဒီတော့ ကောင်းဖို့ဆိုတာကလဲ မလွယ်လောက်ဘူးပေါ့နော်။ ``ယနေ့လူငယ်တွေဟာ နောင်တစ်ခေတ်ရဲ့ခေါင်းဆောင်တွေ´´ တဲ့။ ကြားဖူးတာကြာပါပြီ။ အခုခေတ်လူငယ်တွေကို ကြည့်လိုက်ပါအုန်း၊ အားရစရာဘယ်နှယောက်များတွေ့မိလဲလို့။ ဟိုသင်တန်းယောင်ယောင်၊ ဒီသင်တန်းယောင်ယောင်၊ လ္ဘက်ရည် ဆိုင်ထိုင်လိုက်၊ ဘီယာဆိုင်ထိုင်လိုက်၊ အရက်ဆိုင်ထိုင်လိုက်၊ ကလပ်သွားလိုက်၊ မာဆက်သွားလိုက်၊ ကာရာအိုကေ သွားလိုက်နဲ့ လုပ်နေလိုက်ကြတာ။ ဒီလိုလူမျိုးတွေသာ နောင်တစ်ခေတ်ရဲ့ခေါင်းဆောင်တွေဆို ရင်တော့။ ဘုရား... ဘုရား.... ကျွန်တော်တို့တိုင်းပြည်ကြီး ဘယ်လိုတိုင်းပြည်ကြီး ဖြစ်လာမလဲဆိုတာကို တွေးကြည့်ကြပါအုန်း၊ ဗိုလ်ချုပ်ပြောသလို (-)တိုင်းပြည်ကြီးဖြစ်လာမလားမသိဘူး။ ဒီတိုင်းပြည်မှာကလဲ တကယ်တော်တဲ့သူ၊ တတ်တဲ့သူတွေကလဲ နိုင်ငံခြားကိုပဲထွက်ကုန်တယ်။ နောက်တက်လာတဲ့ ကလေးတွေကလဲ နိုင်ငံခြားမှာ စာသွားသင်ပြီး အလုပ်လုပ်ဖို့ အခုကတည်းက ဆိုင်းပြင်းနေကြတယ်။ ကျွန်တော်တွေးမိတယ်။ ငါတို့ အသက်ကြီးလာတဲ့အခါကျရင် တိုင်းပြည်မှာ လူကောင်းတွေ လူတော်တွေ ကျန်မှကျန်ပါ့မလားလို့ပေါ့။ မြန်မာပြည်က ဂျာနယ်တွေ စာစောင်တွေမှာ သူများတိုင်းပြည်တွေမှာ ဦးနှောက်ယိုစီးတယ် ဘာတယ်၊ ညာတယ် ဆိုပြီးရေးနေကြတယ်၊ ကိုယ့်တိုင်းပြည်မှာက ဦးနှောက်က ယိုစီးယုံတင်မကဘူး၊ အလုံးလိုက်ပါသွားတာကို မသိကြတာလား၊ သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေတာ လားဆိုတာတော့ မပြောတတ်ဘူး။ အဲဒီတော့ ဒါတွေကို သိနေတဲ့ ကျွန်တော်တို့ကကော ဒီအတိုင်းလက်ပိုက် ကြည့်နေကြမှာလား? ကျွန်တော်တို့ တတ်နိုင်သလောက်တော့ လုပ်သင့်တယ်ထင်တယ်၊ လူငယ်တွေကို ဘယ်လိုပညာပေးကြမလဲ? သူတို့ရဲ့စိတ်ထဲမှာ မျိုးချစ်စိတ်ဆိုတာကို ဘယ်လိုနားလည်ထားကြသလဲ? ပြောလေ ပြောလေ စိတ်ကုန်လေပဲ။ ဘယ်တက်နိုင်မလဲပေါ့နော်၊ ကိုယ်တစ်ယောက်ထဲ လုပ်လို့ရတဲ့အရာမှ မဟုတ်တာပဲလေ။ တော်ပါပြီ၊ ဖြစ်ချင်တာတွေဖြစ်၊ တက်ချင်တဲ့သူတွေတက်၊ ကိုယ်လုပ်မှ ကိုယ်ရမှာ၊ ကိုယ်ရှာမှ ကိုယ်စားရမှာ။ ကိုယ့်ထမင်းကိုယ်စားပြီး အကုသိုလ်မများချင်တော့ဘူး။ ကိုယ့်ဘ၀အတွက် ကိုယ် အကောင်းဆုံး လုပ်နိုင်အောင်ပဲ ကြိုးစားတော့မယ်၊ ဒီလိုစိတ်လေးသာ လူတွေထားနိုင်မယ်ဆိုရင် တိုင်းပြည်ကြီး ပြန်ကောင်းချင် ကောင်းလာနိုင်မယ်ထင်တယ်၊ အခုတော့လဲ မျှော်တလင့်လင့်ပေါ့လေ. . . . .

Friday, March 2, 2007

ပါစွန်သုပ်

ကြားဖူးကြလားတော့မသိဘူး၊ အောက်ပြည်အောက်ရွာမှာတော့ သိတဲ့သူတွေရှိပါတယ်၊ တစ်ချို့လဲ ကြားတောင် မကြားဖူးကြဘူး၊ အဲဒီမှာ ကိုယ်လဲပါတယ်၊ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်ကပေါ့၊ စနေနေ့၊ ရက်ကိုတော့ မမှတ်မိတော့ဘူး၊ အဖွားလေးအိမ်ကိုအလည်သွားတယ်၊ ဟိုရောက်တော့ အဒေါ်လဲရောက်နေတာမို့ အကြာကြီး နေလိုက်တယ်၊ ပြန်ခါနီးတော့ အဒေါ်က `မနက်ဖြန်ကို ပါစွန်သုပ်စားမယ်၊ စားချင်ရင်လာခဲ့ဦး´လို့ပြောတယ်၊ ပါစွန်သုပ်ဆိုတာ ဘာမှန်းလဲမသိဘူး၊ ကိုယ်ထင်တာကတော့ အရွက်တစ်မျိုးမျိုးပဲနေမှာပေါ့ လို့ထင်လိုက်တယ်၊ ကိုက်လန် ဆိုတဲ့အရွက်တောင်ရှိသေးတာပဲလေ၊ ဒါနဲ့ပဲ နောက်နေ့ကျတော့ အပြက်လွေးမယ်ဆိုပြီး၊ မနက်စာတောင် မစားပဲ သွားလိုက်တယ်၊ (ငတ်တီးကျလိုက်ပုံများ)၊ ဟိုရောက်တော့ ထမင်းတောင်မကျတ်သေး ဘူး၊ ဒါနဲ့အခွေထိုင်ကြည့်နေလိုက်တယ်၊ ဗိုက်ကလဲ ဆာလာပြီ၊ အောင့်အီးသည်းခံပြီးနေလိုက်ပါတယ်၊ စားရခါ နီးပြီလေ၊ ကျနော်က ဟင်းဂျီးများတယ်၊ ငါးဆိုရင် လုံးဝကိုမကြိုက်ဘူး၊ စားချင်စိတ်ရှိမှ စားတာ၊ ငါးညှီနံ့ဆိုရင်တော့ ပြောမနေနဲ့တော့၊ အန်တောင်အန်ချင်တာ၊ ဒါကတော့ ကိုယ့်အကြောင်း နဲနဲပေါ့၊ ထမင်းစားချိန်ရောက်ပါပြီ၊ ထမင်းပုဂံ ဟင်းပုဂံတွေဝိုင်းရွှေ့ပေးတာပေါ့၊ အဲဒီမှာ ငါးပိဇလုံကြီးပါတယ်၊ ဒါကြီးကို ဘာလုပ်ဖို့ပါလိမ့်ပေါ့၊ အစိမ်းလိုက်ကြီးလေ၊ အဲဒါနဲ့ ထမင်းဝိုင်း ထိုင်ကြရောဆိုပါတော့၊ အဒေါ်က ခုနက ငပိတွေ ထဲကို ဆီတွေ၊ ဆားတွေ၊ လိုတာတွေအကုန် လိုက်ထည့်ပြီး၊ နယ်နေတာပေါ့၊ ဟင်းတွေကလဲ ဟင်းချိုတစ်ခွက် ရယ်၊ ကြက်ဥကြော်ရယ်၊ တို့စရာရယ်ပဲရှိတာ၊ ဒီငပိတွေကဘာလုပ်ဖို့လဲပေါ့၊ ကိုယ်ကမနေနိုင်တော့ဘူး၊ အဒေါ်ကို မေးလိုက်တယ်၊ အဲဒါကြီးကဘာတွေလဲလို့၊ အဒေါ်က `ဒါ ပါစွန်လို့ခေါ်တယ်´တဲ့၊ (သွားပြီ... ငတ်ပြီ၊ `ပါစွန်´ ဆိုတာကို မမြင်ဖူးပဲနဲ့ အရွက်တစ်မျိုးလို့ ထင်ခဲ့တာ တက်တက်စင်အောင် လွဲပါပကော...) `ပါစွန်´ ဆိုတာ ငပိတစ်မျိုးတဲ့၊ အစိမ်းသုပ်စားလို့ရတယ်တဲ့၊ လူတော်တော်များများက ကြိုက်ကြတယ်တဲ့၊ နင့်ကို စားဖူးတယ်ရှိ အောင်လို့ ကျွေးတာတဲ့၊ အဒေါ်ကတော့ စေတနာနဲ့ပေါ့၊ အခုမှ ဒုက္ခနဲ့ လှလှနဲ့တွေ့ကြပြီပေါ့၊ ငါးဆိုရင်လုံးဝ မကြိုက်၊ ငပိဆိုရင် ဝေးဝေးကရှောင်တဲ့ ကျနော်၊ သြော်....လူတွေ လူတွေ စားလဲစားတတ်ကြပါ ပေတယ်လို့ တွေးလိုက်မိတယ်၊ အဲဒီနေ့က ကြက်ဥကြော်နဲ့ပဲ နှစ်ပါးသွားခဲ့ရကြောင်းပါ၊ အဲဒီအချိန်ကစပြီး ပါစွန်ဆိုရင် နာမည်တောင်မကြားချင်တော့တာပဲ၊ အရမ်းကိုစိတ်နာသွားတယ်၊ အပြက်စားမယ်လို့ မှန်းထားတဲ့ ထမင်းတစ်နပ် လွဲခဲ့ပုံလေးပေါ့....။

Thursday, March 1, 2007

အရှက်

`အဲ... ဖိနပ်ပြက်သွားပြီ၊ ဒုက္ခပဲ.... လူတွေကြားထဲမှာ... ရှက်လိုက်တာ´ ကောင်မလေးတစ်ယောက် ပြောလိုက်တဲ့ စကား၊ နားထဲကိုဝင်လာတယ်။ `ရှက်လိုက်တာ´တဲ့၊ ရှက်တယ်ဆိုတာ ဘာကိုပြောတာလဲ၊ ဘာတွေလုပ်ရင် ရှက်ရတယ်၊ ဘာတွေလုပ်ရင် မရှက်ရဘူးလို့ ပြဌာန်းထားတာတွေရှိလား၊ မိရိုးဖလာဆင်းသက်လာတဲ့ ဆုံးမမှုလေး တွေတော့ရှိတာပေါ့၊ တစ်ချို့ကျတော့လဲ ကောင်းတာလုပ်ရင် ရှက်စရာမလိုဘူး၊ မကောင်းတာလုပ်မှ ရှက်ရမှာလို့ ပြောတယ်၊ တစ်ချို့ကတရားစကားနဲ့ ကံငါးပါးမလုံရင်ရှက်ဖို့ကောင်းတယ်လို့ ပြောပြန်တယ်၊ ကိုယ် သန်ရာသန်ရာ အရှက်ကို အဓိပ္ပါယ်ဖွင့်နေကြတာပဲ။ တကယ်တော့ ရှက်တယ်ဆိုတာ အခြေအနေပေါ်မူတည်ပြီး၊ လူကသတ်မှတ် လိုက်တာပဲ။ သွားရင်းလာရင်း လူတွေကြားထဲမှာ ဖိနပ်ပြက်သွားရင် ကိုယ့်မှာသူများတွေနဲ့မတူတော့ဘူးပေါ့။ အဲဒီတော့ ရှက်စိတ်ဝင်လာတယ်။ ဒါပေမဲ့ ဘုရားပေါ်မှာကျတော့ ဘယ်သူမှ ဖိနပ်မစီးဘူး။ အများနဲ့ ကိုယ်ကတူနေ တော့မရှက်ဘူး။ ကိုယ်ကဖိနပ်စီးထားရင်တော့ တစ်မျိုးပေါ့။ နောက်တစ်ခုက ကိုယ်ကအ၀တ်အစားကို လန်ကွတ်တီလောက်ဝတ်ပြီး လူကြားထဲသွားရင် ရှက်စရာပေါ့။ နာဂလူမျိုးတွေကျတော့ လန်ကွတ်တီလောက်ပဲ ၀တ်တာပဲလေ။ လျှောက်သွားနေတာပဲလေ၊ သူတို့ကျတော့ မရှက်ဘူး။ အဲဒီလိုပဲ အရူးတစ်ယောက်က သီချင်းတွေအော်ဆို၊ အ၀တ်အစားမပါပဲနဲ့ လျှောက်သွား၊ လုပ်ချင်တာ လုပ်တာပဲ။ သူကတော့မရှက်ဘူး။ တွေ့တဲ့သူတွေကသာ ကိုယ့်အမြင်နဲ့ကိုယ် ရှက်ကြတာ။ `ယိုသူမရှက် မြင်သူရှက်´ တဲ့။ တကယ်တော့ လူတွေရှက်တယ်လို့ပြောနေကြတာတွေက သိပ်ပြီး မလေးနက်ဘူး။ အပေါ်ယံ သဘောနဲ့ အတွေးတိမ်တိမ်လောက်ပဲရှိတယ်။ ကျနော်က ဗုဒ္ဓဘာသာဆိုတော့ ဗုဒ္ဓဘာသာအမြင်နဲ့ပဲ ပြောချင်တယ်။ လူတွေအနေနဲ့ တကယ်ရှက်ရမှာက သံသရာကြီးထဲက လွတ်မြောက်အောင် မလုပ်နိုင်သေးတာကို ရှက်ရမှာ၊ အဲဒါကမှ တကယ့်ရှက်စရာ၊ မဟာရှက်စရာကြီးပဲ။ ဒါကို တွေ့ရဲ့သားနဲ့ မမြင်ကြဘူး။ သိသလိုလိုနဲ့ မေ့နေကြတယ်။ တကယ်ရှက်ရမှာကို မရှက်ကြဘူး။ အဓိကနဲ့ သာမညကို ခွဲပြီး မမြင်ကြဘူး။ လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ချင်ကြဘူး။ မြတ်ဗုဒ္ဓရဲ့ တရားတွေရှိနေတာပဲ၊ လူတွေအနေနဲ့ လုပ်နိုင်တဲ့ အတိုင်းအတာရှိပါတယ်။ အဲဒါကို မေ့ချင်ယောင်ဆောင်၊ မမြင်ချင်ယောင်ဆောင်ပြီး၊ ကိုယ့်အတ္တအတွက်ပဲ လုပ်နေကြတယ်။ လူလူချင်း နိုင်ထက်စီးနင်းတွေလုပ်တယ်။ မတရားအနိုင်ကျင့်တယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး လုပ်တဲ့သူတွေကလဲ ရှိသေးတယ်။ သံသရာကို မကြောက်တဲ့အတိုင်းပဲ။ ကိုယ်ကိုယ်တိုင်လဲ လူလာဖြစ်နေတာဆိုတော့ ကိုယ့်ကိုကိုယ် ရှက်မိပါတယ်။ blog ကိုလာဖတ်တဲ့သူတွေလဲ အသိလေးတစ်ခုရသွားတယ်ဆိုရင် လက်ညောင်းရကျိုးနပ်ပါတယ်.....

Wednesday, February 28, 2007

တွေးမိတာပါ...

``ပန်းတွေဟာ အရောင်စုံပေမယ့် ရန်မဖြစ်ကြဘူး´´ စာကြောင်းလေးက တိုတိုလေးပါ။ စဉ်းစားစရာတွေကတော့ အနောက်မှာ အများကြီးပဲ၊ လူတွေကကော. . . .
ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်စုတွေ အများကြီးပဲ၊ မြန်မာပြည်မှာတောင် တစ်ရာကျော်ရှိတယ်၊ သူတို့တွေမှာ အသားအရောင်ကွဲပြားတယ်၊ ဘာသာစကားမတူဘူး၊ ကိုးကွယ်ရာတစ်မျိုးစီ၊ အလေ့အကျင့်၊ ထုံးတမ်းစဉ်လာ စသဖြင့်ပေါ့ မတူတာတွေ အများကြီးပဲ၊ သူတို့တွေမှာ အချင်းချင်းကူညီမှု၊ စာနာထောက်ထားမှု၊ သည်းခံမှု၊ လေးစားမှု၊ ညှာတာမှုတွေ အရမ်းကိုနည်းတယ်၊ ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်ရယ်လို့ မပေါ်ခင်ကတဲက လူသားတွေဖြစ်မယ့် အသိဥာဏ်နိမ့်ပါးသေးတဲ့အဆင့် ကတဲကကို အချင်းချင်းသတ်ဖြတ်မှု တွေကရှိနေပြီလေ၊ အသိဥာဏ်မြင့်မားလာလေလေ လူသတ်လက်နက်တွေက အဆင့်မြင့်လာလေပဲ။ ဟိုး...ကျောက်လက်နက်ခေတ်ကနေ အခုနြူကလီးယားခေတ်အထိ ရောက်လာပြီ၊ လူ့သမိုင်းတစ်လျှောက် သမိုင်းတင်ထားတဲ့ စစ်ပွဲကြီးက (၂)ခုရှိတယ်။ သမိုင်းမတင်နိုင်တဲ့ စစ်ပွဲတွေ၊ တိုက်ပွဲတွေ ဘယ်လောက်များလိုက်မလဲ၊ အခုမျက်မှောက်ခေတ်အထိ လူတွေအေးအေးချမ်းချမ်းနဲ့ နေခဲ့ရတဲ့ခေတ်တွေမှာ နှစ်(၁၀၀)ကြာတဲ့ကာလအတိုင်းအတာလောက်ကို အေးအေးချမ်းချမ်းနေရတဲ့နှစ်တွေ ရှိပါ့မလား၊ သူတစ်လူ ငါတစ်မင်းနဲ့ လုပ်ချင်တိုင်းလုပ်လာကြတာ အခုချိန်ထိပဲ၊ လူတွေရဲ့ အတွင်းစိတ်မှာ မာန်မာနတွေ၊ အာဃာတတွေ၊ သံသယတွေ၊ အငြိုးအတေးတွေနဲ့ ပြည့်နေကြတယ်။ အပေါ်ယံမှာသာ သဘောကောင်း၊ စိတ်ထား နူးညံ့သလိုရှိနေပေမယ့် တကယ့်အတွင်းစိတ်မှာ ငါဆိုတဲ့ အတ္တကြီးက ရှိနေကြတယ်။ အဲဒီအတ္တကြောင့်ပဲ လောကကြီးကလှသင့်ရဲ့သားနဲ့ မလှနိုင်ခဲ့ဘူး၊ နောင်လဲ လှလာမှာမဟုတ်ဘူး၊ ဆရာတော်ကြီးတစ်ပါးရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်၊ လူတွေဟာ ကမ္ဘာကြီးရဲ့ အဆင်တန်ဆာလေး တစ်ခုပါပဲတဲ့၊ မြေစောင့်အဆင့်လောက်ပဲရှိတာပါတဲ့၊ ဒီစကားမှန်လား မှားလားဆိုတာ ကိုယ့်ဥာဏ်နဲ့ကိုယ်ပဲ စဉ်းစားကြည့်ကြပေါ့နော်၊ ကျွန်တော်ကတော့ မှန်တယ်လို့ယူဆတယ်၊ အဲဒါလောက်ကိုတောင် လူတွေက ကိုယ့်ကိုကိုယ် အထင်ကြီးပြီး၊ မထားသင့်တဲ့ မာနတွေထား၊ အတ္တတွေကြီးပြီး၊ ငါမှငါဆိုတဲ့ အတွေးတွေ ဖုံးလွှမ်းနေတယ်၊ တရားဆိုတာကို နားထောင်ဖို့နဲ့ ဖတ်ဖို့လောက်ပဲ သဘောထားတယ်၊ လိုက်နာကျင့်သုံးဖို့ကိုကြတော့ အကြောင်းပြချက်အမျိုးမျိုးပြပြီး၊ မသိချင်ယောင် မမြင်ချင်ယောင်ဆောင်နေကြတယ်၊ ကိုယ်ကိုယ်တိုင်ကကော ဘယ်လိုမျိုးရှိလဲဆိုတာ ဆင်ခြင်ကြည့်ကြပေါ့၊ လူတွေမှာ အတ္တတွေ၊ မာနတွေ၊ အာဃာတတွေ၊ အငြိုးအတေးတွေ၊ သံသယတွေမရှိရင် ကမ္ဘာကြီးက နေလို့ကောင်းမှာသေချာတယ်၊ အခုတော့. . . . . .
ပန်းလေးတွေလဲ ပွင့်ပြီးရင် ကြွေရတာပဲ၊ လူတွေလဲ အချိန်တန်ရင် သေကြတာပဲ၊ ပန်းတွေလဲ အရောင်စုံတယ်၊ လူတွေမှာလဲ မျိုးနွယ်စုတွေအများကြီးရှိတယ်၊ ပန်းတွေက ရန်မဖြစ်ကြဘူး၊ လူတွေကသာ . . . . . . . . ?
ကိုယ်ကိုယ်တိုင်လဲ လူတစ်ယောက်ပဲလေ၊ လူတွေမှာရှိတာတွေ အကုန်ရှိတာပေါ့၊ ဒါပေမယ့် အချိန်ကာလနဲ့ ဒေသပေါ်မူတည်ပြီး၊ ကိုယ့်ရဲ့ မာန်မာနတွေ၊ အတ္တတွေ၊ အာဃာတတွေ၊ အငြိုးအတေးတွေ၊ သံသယတွေကို သတိနဲ့ထိန်းထားရတာပေါ့၊ တစ်ခါတစ်လေ အဲဒါတွေ တွေးမိရင် လောကကြီးမှာ မနေချင်တော့ဘူး၊ ကြောက်လာတယ်၊ လွတ်မြောက်ချင် လာတယ်၊
တစ်ခါတစ်လေတော့လဲ. . . . . . . . .
(ကိုယ်လဲ လူတစ်ယောက်ပဲလေ...)

Tuesday, February 27, 2007

အရွက် နဲ့ အရိုး

ခေါင်းစဉ်က တစ်မျိုးကြီးနော်... ဒီနေ့ ထမင်းစားဖို့ ဟင်းသွားဝယ်တော့ ထမင်းဆိုင်မှာ ဟင်းတွေကအများသား... ဘာစားရမလဲလို့လိုက်ကြည့်ရင်းနဲ့ တစ်ခြားဟင်းတွေအပြင် ချဉ်ပေါင်ကြော်ကိုတွေ့တယ်... အရင်လဲတွေ့နေကျပဲ လေ.... ဒီနေ့ကျမှ စိတ်ထဲမှာတွေးမိတယ်။ လူတွေက ချဉ်ပေါင်မှာ အရွက်ကိုစားပြီး အရိုးကိုဘာလို့မစားကြတာလဲ လို့ပေါ့.. အရွက်ဆိုတာက အရိုးရဲ့အထောက်အပံ့မပါပဲနဲ့ ဖြစ်မလာနိုင်ဘူးလေ... အရွက်မှာလိုအပ်တဲ့ အာဟာရဓာတ်တွေ ရေတွေကို အရိုးကသယ်ဆောင်ပေးရတယ်... ငွားငွားစွင့်စွင့် နေနိုင်ဖို့အတွက် ထောက်ကန် ပေးထားရတယ်... လေပြင်းတိုက်လာရင်လဲ လွင့်ပါမသွားအောင် ကာကွယ်ပေးတယ်... ဒါပေမယ့် သူ့ခမျာ လူတွေရဲ့ လျစ်လျူရှုခြင်း၊ ပစ်ပယ်ခြင်းကို ခံရတယ်... သူက အပင်မို့လို့ထားပါတော့...
လူတွေထဲမှာရော. . .
ဒီလိုအဖြစ်မျိုးတွေ မဖြစ်နိုင်ဘူးလား? သိပ်ဖြစ်နိုင်တာပေါ့... သူများတွေအတွက် အနစ်နာခံပေးတယ်... အများနဲ့ မတူတဲ့ သူတို့ရဲ့အတွေးအခေါ် အယူအဆတွေကို လူတွေကနားမလည်တော့ ရှောင်ဖယ်ရှောင်ဖယ် လုပ်လာ တယ်။ အဲဒါကိုကော သူတို့ရဲ့ အားနည်းချက် လို့ပြောမလား... ထားပါလေ... သူတို့ရဲ့ အားနည်းချက်၊ လိုက်အပ်ချက်လေး တစ်ခုတည်းနဲ့ လူအများရဲ့ ပစ်ပယ် လျစ်လျူရှုတာတွေကို ခံရတယ်... အဲဒီလို ဖြစ်လာတော့ သူတို့မှာ အားငယ်စိတ်တွေဝင်လာတယ်... လူတွေကြားထဲကို မသွားရဲတော့ဘူး... ကြာလာတော့ လူတွေကိုကြောက်လာတယ်... သူတို့ရဲ့စိတ်ရင်းစေတနာတွေ အတွေးအခေါ်တွေ အယူအဆတွေက လူတွေဆီ ကိုမရောက်တော့ဘူး... တဖြည်းဖြည်းနဲ့ လူတွေနဲ့ဝေးသွားရော... နားလည်လွယ်အောင်ပြောရရင် အထီးကျန် ဖြစ်ကုန်တာပေါ့ ... ဒီလိုလူမျိုးတွေကို ကိုယ်ကိုယ်တိုင်တွေ့ခဲ့ရင် သူတို့ကို အားပေးစကားပြောဖို့ ကူညီပေးဖို့ ကိုယ့်မှာကော တတ်နိုင်ရဲ့လား... သူများတွေ ပစ်ပယ်ထားတဲ့သူကို ကိုယ်ကလက်ခံရဲပါ့မလား... လက်ခံတယ်ပဲ ထား... အပြောလွယ်သလောက် အလုပ်ခက်တယ်နော်... အများကလဲ ကိုယ့်ကိုပြောကြမှာပဲ... အဲဒါကိုရော ကိုယ်က ခံနိုင်ပါ့မလား... သူများမိုးခါးရေသောက်ပြီး ကိုယ်ကမသောက်လို့ လူတွေကပါ ကိုယ့်ကိုပစ်ပယ်သွားကြ ရင်ကော... ကိုယ်က အဲဒီလောက်ထိ စွန့်စားရဲပါ့မလား? ကိုယ့်မှာလဲ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းဆိုတာရှိတယ် လေ... သူတို့ကိုကော ဘယ်လိုရင်ဆိုင်မလဲ? ကိုယ်ကလဲ လူထဲကလူ မဟုတ်လား...
လောကကြီးမှာ အရိုးလိုမျိုး တိမ်မြုပ်သွားတဲ့သူတွေ အများကြီးရှိသလို... အရွက်လိုမျိုး ကျော်ကြားလာတဲ့သူတွေ လဲ ဒုနဲ့ဒေးပါပဲ... ကိုယ်ကကော အရွက်လား အရိုးလား? တစ်ခုခုတော့ ဖြစ်လာနိုင်တယ်... ဖြစ်လာခဲ့ရင် ဘ၀ကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အခုကတည်းက စဉ်းစားထားသင့်တယ်...

စဉ်းစားကြည့်လိုက်ပါလား. . .

မဖြစ်သေးတဲ့အရာတွေကို မျှော်လင့်ခြင်း တဲ့...
ဖြစ်ပြီးသားအရာတွေကို နောင်တ တဲ့...
ဒါဆို...
ဖြစ်ဆဲအရာများကို ဘယ်လိုခေါ်မလဲ ???

နည်းနည်းလောက် စဉ်းစားကြည့်ပါလား . . . . .

Sunday, February 25, 2007

ဒီလိုလဲ ရှိပါတယ်...


မနေ့က ကောင်မလေးနဲ့ စကားပြောရင်း.... ပြောတာနဲနဲမှားသွားလို့ သူ စိတ်ဆိုးသွားတယ်။ ဒါနဲ့ပဲ စိတ်ဆိုးပြေအောင် မနည်းပြန်ချော့လိုက်ရတယ်... သူအထင်လွဲသွားလားမသိဘူး... အဲဒါကြောင့် အောက်ကသီချင်းစာသားလေးကို ကူးပြီး၊ ရေးလိုက်ရတာပဲ... သူစိတ်ဆိုးပြေသွားအောင်လို့လေ...

တို့နှစ်ယောက် တွေ့ခဲ့တဲ့ အချိန်ကကြာ

မင်းကိုပဲ ငါ့ရင်ထဲ စွဲမြဲကာ ပိုချစ်လာ
ငါ့စိတ်ထဲ မင်းကိုပဲ မချစ်ရရင် မနေနိုင်တော့ပါ
အချစ်ရယ် နင်ထွက်မသွားနဲ့ ငါ့ရင်ထဲ...

နေ့ရောညရော ရင်မော
သူပစ်သွားမှာ စိုးတယ်

ဒီရင်ထဲမှာ မင်းကို အသက်လိုချစ်တာ
ယုံစမ်းပါကွာ...

နေ့လားညလား ကိုယ်လွမ်း
ယုံပါချစ်သူလေးရယ်
ဒီရင်ထဲမှာ မင်းကို အသက်လို ချစ်တာ
ယုံစမ်းပါကွာ...

တစ်သက်လုံးချစ်လို့ မ၀နိုင်ပါဘူး

တို့တွေရင်ထဲမှာ ထပ်တူ
ထာဝရလမ်းမှာ အချစ်တွေ အမြဲရှိလိမ့်မယ်
အကြင်နာဆုံးချစ်သူရယ်...

တစ်သက်လုံး မကုန်မယ့်အချစ်များ
ယုံကြည်ရအောင်ပေးပါ

ဒီရင်ထဲမှာ မင်းကို အသက်လို ချစ်တာ
ယုံစမ်းပါကွာ...

ရန်ကုန်သားလေးကျွန်နော်..

ကျွန်နော်ရန်ကုန်သားသည်...ဘာညာဘာညာ၏တပည့်ဖြစ်ပါသည်..
အလွန်အသင်အပြကောင်းသောဆရာမဖြစ်ပါသည်။
သူ၏တပည့်ဖြစ်ရသည်မှာ ဂုဏ်ယူဖွယ်ကောင်းလှပါသည်။
(ဖားရတာ... ဒါမှ...နောက်မသိတာတွေကို မေးလို့ရမှာ)
ဒီနေ့ကတော့ blog ကို အပြီးသတ်နီးပါး လုပ်ပြီးသွားပြီ...
လိုတဲ့ links တွေကိုတော့ နောက်မှပဲ ဖြည်းဖြည်းချင်း ထည့်သွားတော့မယ်....
ကြက်ကင်စားပြီး စိတ်ပါလက်ပါ သင်ပြပေးတဲ့ ဆရာမ ဘာညာဘာညာ ကို
ကျေးဇူးအများကြီးတင်ပါသည်............

Tuesday, February 20, 2007

ပြောချင်လို့ . . . .

ဒီနေ့ကတော့ blog ကို ကိုယ့်ဟာကိုယ် စမ်းပြီးလုပ်လိုက်တာပဲ။ ဘာမှမတတ်သေးတော့ တတ်သလောက်နဲ့ပဲ ဖြစ်သလိုလုပ်လိုက်တာ။ သင်ပေးမဲ့ဆရာကတော့ရှိပါရဲ့၊ ကြက်ကင်မကျွေးသေးလို့ လာသင်မပေးသေးဘူး (ကြားသွားရင် တကယ်လာမသင်ပေးပဲနေဦးမယ်..အဟတ်)။
ကျွန်တော်နေတာကတော့ ရန်ကုန်မှာပဲ။ ဒီမှာက ပညာတတ်တွေက အများသား။ သူ့နေရာနဲ့သူ လုပ်နေကြတာပေါ့။ သူတို့ဆီက သိစရာ မှတ်စရာ လေ့လာစရာတွေက မကုန်ဘူး။ သင်ယူလို့လဲ မကုန်နိုင်ဘူး။ ကိုယ်ကသာအပျင်းကြီးပြီး သူတို့ဆီက မယူနိုင်ဘူး။ အခုတော့ စိတ်ဆုံးဖြတ်လိုက်ပြီ၊ သူတို့ဆီက ရသလောက် အကုန်ယူတော့မယ်လို့. . . .။ ပညာဆိုတာကလဲ အမြဲတမ်းသင်ယူနေမှ တော်ကာကျမှာလေ။
ရန်ကုန်မှာက အစစ အရာရာ နေလို့ထိုင်လို့ သွားလို့ လာလို့ကောင်းပါတယ်။ ဒါပေမယ့် ရန်ကုန်သားကတော့ မန္တလေးကို သွားချင်နေတယ် (အကြောင်းလေးတော့ရှိတာပေါ့... ကိုယ့်အကြောင်းဆိုတော့လဲ သူများတွေကို မပြောချင်ဘူး)...။
ကြက်ကင်ကတော့ ၀ယ်ပြီးသွားပြီ၊ သင်ပေးမဲ့ ဆရာကိုပဲ စောင့်နေတာ၊ ဆရာကတော့ အစားကြီးတယ်ဆိုပဲ... :)