Saturday, June 23, 2007

အမယ်ဘုတ်ရဲ့သူ့ချည်ခင်

အရက်ဆိုင်ထဲမှာ လူနှစ်ယောက် စကားလက်ဆုံကျနေကြ၏။ တစ်ယောက်က...
``ခင်ဗျားမှာ မိသားစုပြဿနာရှိတယ်လို့ထင်သလား။ ကျုပ်မှာတော့ ရှိတယ်ဗျ။ ရှိပုံက ဟောဒီလို ဟောဒီလို။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကပေါ့ဗျာ။ မုဆိုးမငယ်ငယ်လေးတစ်ယောက်ကို ကျုပ်တွေ့တယ်။ သူ့မှာ အရွယ် မရောက်တရောက် သမီးလေးတစ်ယောက်ရှိသဗျ။ အေးဗျာ... အဲဒီမုဆိုးမလေးကို ကျုပ်ယူလိုက်တယ်ပေါ့ဗျာ။ အဲ နောက်ပိုင်းမှာတော့ ကျုပ်အဖေက ကျုပ်ရဲ့မယားပါသမီးငယ်ငယ်လေးကို ယူလိုက်ပါရော။ ဒီတော့ ကျုပ်မယားပါ သမီးလေးက ကျုပ်ရဲ့မိထွေး ဖြစ်သွားတာပေါ့။ နောက်ပြီး ကျုပ်အဖေဟာလည်း ကျုပ်ရဲ့ မယားပါသားဖြစ်သွားရော။ တစ်ချိန်တည်းမှာ ကျုပ်မိန်းမဟာလည်း သူ့ယောက္ခမရဲ့ယောက္ခမဖြစ်သွားတာပေါ့။ အဲနောက်တော့ ကျုပ်မိန်းမရဲ့ သမီး တနည်းအားဖြင့် ကျုပ်ယောက္ခမက သားကလေး မွေးပါရောဗျို့။ ဒီမှာတင် ဒီသားဟာကျုပ်နဲ့ ဖအေတူ မအေကွဲ ညီအစ်ကို ဖြစ်လာပြန်တာပေါ့။ သူက ကျုပ်အဖေသားကိုး။ တစ်ချိန်တည်းမှာ ဒီသားဟာ ကျုပ်မိန်းမသမီးရဲ့သားဆိုတော့ ကျုပ်မိန်းမရဲ့မြေးပေါ့။ ကျုပ်ကျတော့ မအေကွဲအဘိုးဖြစ်နေပြန်ရော။ ဒါပေမယ့် ကျုပ်တို့လင်မယား ကလေးမရခင်မှာတော့ ဘာမှမဟုတ်သေးပါဘူး။ အဲ... သိပ်မကြာဘူး။ ကျုပ်မိန်းကလဲ သားကလေးမွေးပါရော။ ကဲ ဒီတော့ ကျုပ်သားရဲ့အမေ တနည်းအားဖြင့် ကျုပ်ယောက္ခမပေါ့။ အဲ သူကအဘွားဖြစ်သွားပြန်ရော။ ဒီတော့ ကျုပ်အဖေဟာ ကျုပ်သားရဲ့ယောက်ဖဖြစ်ရပြန်တာပေါ့။ သူ့မအေတူ ဖအေကွဲအမေက ကျုပ်အဖေ့မိန်းမကိုးဗျ။ အဲ ကျုပ်ကျတော့ ကျုပ်မိထွေးရဲ့ခဲအိုဖြစ်နေပြန်တာပေါ့ဗျာ။ ကျုပ်မိန်းမခမျာလည်း သူ့သမီးအရင်းခေါက်ခေါက် ကြီးရဲ့ အဒေါ်ဘ၀ ရောက်သွားရရှာတာပေါ့။ အဲ ကျုပ်သားက ကျုပ်အဖေရဲ့တူ ဖြစ်နေပြန်ရော။ ကျုပ်လည်း အဘိုးဖြစ်သွားရော။ ကဲ ခင်ဗျားမှာရော အဲဒီလို မိသားစုပြဿနာမျိုး ရှိတယ်လို့ ထင်သလားဗျ´´

ဖတ်မိတဲ့ ဟာသလေးတစ်ပုဒ်ပါ။ ရီရလား မရီရလားတော့မသိဘူး။ ခေါင်းကိုရှုပ်သွားတာပဲ။

Wednesday, June 20, 2007

ဟိုးတုန်းက ဟာသလေးတစ်ခု

ကျွန်တော့်အဘတစ်ယောက်နဲ့ စကားပြောရင်းက သူက ဟာသလေးတစ်ခုပြောတယ်။ တကယ်လား ဒဏ္ဍာရီလား ဆိုတာတော့ မပြောတတ်ဘူး။ ဟာသလေးဖြစ်လာတဲ့အချိန်က တော်တော်ကြာပါပြီ။ မင်းတုန်းမင်းတရားကြီး လက်ထက်ကပါ။ ပဉ္စမအကြိမ် သင်္ဃာယနာတင်တုန်းကပါ။ သင်္ဃာယနာတင်တယ်ဆိုတာက မြတ်စွာ ဘုရားဟောခဲ့တဲ့ တရားတော်တွေကို မပျောက်မပျက်ရအောင်လို့ ရဟန္တာကြီးများဦးစီးပြီး၊ ပြန်လည်ရွတ်ဆိုတာကို ခေါ်တာပါ။ ပထမအကြိမ်ကနေ စတုထ္တအကြိမ်အထိ သင်္ဃာယနာတင်ခဲ့တုန်းထိသာ ရဟန္တာကြီးများပါဝင်ပါတယ်။ နောက်ပိုင်း ပဉ္စမနဲ့ ဆဋ္ဌမအကြိမ်တွေမှာတော့ မပါဝင်တော့ပါဘူး။ ပထမအကြိမ် သင်္ဃာယနာတင်တုန်းကတည်းက စည်းကမ်းချက်အနေနဲ့ကတော့ သင်္ဃာယနာတင်ပွဲတွင် ပါဝင်ခွင့်ရသူများမှာ ရဟန္တာဖြစ်ရပါမယ်။ စာတတ်ရပါမယ်။ ရဟန္တာဖြစ်ပြီး စာမတတ်ရင် ပါဝင်ခွင့်မရပါဘူး။ အဲဒါကြောင့် ရှင်အာနန္ဒာမထေရ်မြတ်ကြီးတောင် ရဟန္တာမဖြစ်သေးလို့ သင်္ဃာယနာတင်ပွဲကိုတက်ရောက်ဖို့အတွက် ရှင်မဟာကဿဖမထေရ်မြတ်ကြီးက ရှင်အာနန္ဒာကို ရဟန္တာဖြစ်အောင် ကြိုးစားလိုက်ပါဦးဆိုပြီး တစ်လတိတိဆိုင်းငံ့ပေးထားတာပါ။ သင်္ဃာယနာတင်ပွဲကိုလည်း ဘုရင်ကသာဦးစီးပြီး ကျင်းပရပါတယ်။ မင်းတုန်းမင်းကြီးလက်ထက်ရောက်တော့ သဒ္ဒါတရားထက်သန်ပြီး၊ သင်္ဃာယနာတင်ပွဲကို ကျင်းပပြုလုပ်ပါတယ်။ အဲဒီမှာ တောင်ဖီလာဆရာတော်ကြီးအပါအ၀င် နာမည်ကြီးဆရာတော်ကြီးများပါဝင်ပါတယ်။ ဒီလိုနဲ့ ရဟန်းတော်ကြီးများက ပရိတ်တော်များရွတ်ဖတ်နေတဲ့အချိန်မှာ မင်းတုန်းမင်းကြီးက ပရိတ်အိုးတွေကို လှမ်းလှမ်းကြည့်ပါတယ်။ အဲဒါကို တောင်ဖီလာဆရာတော်ကြီးမှလွဲပြီး ဘယ်သူမှ သတိမထားမိပါဘူး။ ဒါနဲ့ ဆရာတော်ကြီးက ဒကာတော်မင်းကြီးတော့ အကြောင်းတော့ရှိတော့မယ်ဆိုပြီး၊ မင်းတုန်းမင်းကြီးက ပရိတ်အိုးကို လှမ်းကြည့်လိုက်ရင် တောင်ဖီလာဆရာတော်ကြီးက ခင်းထားတဲ့ ကော်ဇောကြီးကို လှန်လှန်ကြည့်တယ်။ ဒီလိုနဲ့ ပရိတ်ရွတ်ဖတ်တာတွေပြီးသွားတော့ မင်းတုန်းမင်းကြီးက ဆရာတော်ကိုလျှောက်တယ်။ အရှင်ဘုရား တပည့်တော်ကြားဖူးတာတော့ အရင်တုန်းက ရဟန်းတော်များ ပရိတ်ရွတ်ဖတ်ရင် ရေများဆူပွက်လာတယ်လို့ ကြားဖူးပါတယ်ဘုရား။ အခု အရှင်ဘုရားတို့ ရွတ်တာက ရေများ ဆူပွက်ခြင်းမရှိပါလားဘုရား လို့ လျှောက်တင်တယ်။ အဲဒီအခါမှာ တောင်ဖီလာဆရာတော်ကြီးက မင်းကြီး အာသောကမင်းကြီး သင်္ဃာယနာတင်တုန်းက ဘုန်းတန်ခိုးအရမ်းကြီးတော့ သင်္ဃာယနာတင်ပွဲကို လာတဲ့လမ်းတစ်လျှောက်မှာ ကောင်းကင်က ဂဠုန်တစ်သောင်း မြေပေါ်က နဂါးတစ်သောင်း ခြံရံလာတယ်လို့ ကြားဖူးတယ်။ အခုမင်းတရားကြီးအလှည့်မှာ နဂါးများပေါ်လာမလားလို့ ကော်ဇောကို လှန်လှန်ကြည့်နေတာ တီကောင်တောင်မတွေ့ဘူး မင်းကြီးရဲ့။ ဒီတော့ကာ ပရိတ်ရေမဆူတဲ့ ဘုန်းကြီးနဲ့ တီကောင်တောင်မတွေ့တဲ့ ဘုရင် ဘဲစားဘဲချေပေါ့နော် လို့ ပြန်ပြောလိုက်တယ်တဲ့။
ဟာသလေးကတော့ ဒီလောက်ပါပဲ။ ဒါကဘာကိုပြောလဲဆိုတော့ အလုပ်တစ်ခုဟာ လုပ်သင့်လုပ်ထိုက်တဲ့သူပဲ လုပ်ရမှာ။ အဲလိုမှ မဟုတ်ရင် ပြီးပြည့်စုံမှာမဟုတ်ဘူး။ ကိုယ်လုပ်ချင်တာတစ်ခုထဲနဲ့ လုပ်လို့မရဘူး။ အခုခေတ်မှာလဲ ငါလုပ်ရင်ဖြစ်တယ်ဆိုပြီး လုပ်နေတဲ့သူတွေအများကြီး။ လုပ်ပြီးသွားရင် ခံလိုက်ရတာကများတယ်။ စည်းကမ်းလေးတွေကိုတော့ သိထားရင်ကောင်းတာပေါ့။ ကိုယ်လုပ်ချင်တာတစ်ခုထဲနဲ့ အလုပ်တစ်ခုက အဆင့်ကျသွားရင်မကောင်းဘူးပေါ့။ ကျွန်တော်လဲ ဗုဒ္ဒဘာသာဝင် တစ်ယောက်ပါပဲ။ ကျွန်တော်ပြောတာတွေကို ချက်ချင်းတော့ နားလည်မှာ မဟုတ်ပါဘူး။ သေသေချာချာဖတ်ပြီး စဉ်စားကြည့်လိုက်ပေါ့။

Wednesday, June 13, 2007

M.B.B.S ဆိုတာ. . . .

M.B.B.S ဆိုတာ
တစ်ခါက နယ်မြို့လေးတစ်မြို့နားက ကျေးတောဆိုတဲ့ ရွာတစ်ရွာမှာ ဆေးဆရာတစ်ယောက်ရှိတယ်။ ကျေးရွာတွေဆိုတော့ ဆရာဝန်မရှိကြဘူးလေ။ အနီးအနားကရွာတွေကလဲ သူ့ကိုပဲအားကိုးနေရတာပေါ့။ သူက တော်လဲတော်ပါတယ်။ တော်ရုံတန်ရုံ ဖျားတာနာတာလောက်ကတော့ သူကနိုင်တယ်လေ။ သူရဲ့နာမည်က စိန်သောင်း။ သူ့ရွာအနီးအနားမှာတော့ ဆရာစိန်သောင်းဆိုပြီး နာမည်ကြီးနေတာပေါ့။ သူက မြို့ကိုလဲ အရောက် အပေါက်ရှိတာရယ်၊ မြို့မှာလဲ ကျောင်းနေဖူးတာရယ်ကြောင့် နည်းနည်းတော့ မာန်ရှိတာပေါ့။ ဆေးဆရာကလဲ ဖြစ်နေပြန်တော့ ပိုပြီးဆိုးသွားတာပေါ့။ ဒါပေမယ့် သူက အကြောင်းမဲ့တော့ မာန်မတက်ပါဘူး။ အလုပ်ကိုလဲ စေတနာပါပါနဲ့လုပ်တယ်။ မြို့ကို ခဏခဏရောက်တော့ မြို့က ဆရာဝန်တွေက သူတို့ရဲ့ဆေးခန်းတွေမှာ ဆိုင်းဘုတ်လေးတွေတက်ထားတာကို တွေ့တွေ့နေတာပေါ့။ အဲဒီတော့ သူကလဲ အားကျမခံ ရွာမှာလဲ သူရဲ့အိမ်မှာဆိုင်းဘုတ်တပ်မယ်ဆိုပြီး စိတ်ကူးတယ်။ ပြီးတော့ ပန်းချီရေးတဲ့သူဆီသွားပြီး ဆိုင်းဘုတ်အပ်တယ်။ ဒီလိုနဲ့ ဆိုင်းဘုတ်ရလာပြီဆိုပါတော့......။ ရွာရောက်တော့ ချက်ချင်းပဲ အိမ်ရှေ့မှာ ဆိုင်းဘုတ်ကို တပ်လိုက်တယ်။ ရွာကလူတွေကတော့ အထူးအဆန်းဖြစ်နေတာပေါ့။ သူကတော့ ခပ်တည်တည်ပါပဲ။ သူ့ဆိုင်းဘုတ်မှာ ဘာတွေရေးထားလဲဆိုတော့. . . . . .
စိန်သောင်း
M.B.B.S (ကျေးတော)
ဆိုပြီး ရေးထားတယ်။ သူ့ရွာမှာလဲ မြို့ရောက်ဖူးတဲသူတွေရှိတာပေါ့။ သူတို့က ဆိုင်းဘုတ်ကိုလဲမြင်ရော သူ့ကိုမေးတော့တာပေါ့။ မင်းကဘယ်တုန်းက ဒီဘွဲ့ကိုရတာလဲပေါ့။ သူက ဒီမှာရတာလို့ပြောတယ်။ တစ်ချို့လူတွေက မကျေနပ်ပဲ လိမ်တယ်ဆိုပြီး သူကြီးကိုတိုင်ပါလေရော။ သူကြီးကလဲ သူ့ကို ခေါ်တာပေါ့။ သူရောက်လာတော့ သူကြီးကမေးတယ်။ မင်းကဘာဖြစ်လို့ ဒီဆိုင်းဘုတ်ကိုတပ်တာလဲပေါ့။ သူက ကျွန်တော်ကလဲ ဆရာတစ်ယောက်ဖြစ်နေတော့ ဂုဏ်ရှိအောင်တပ်တာပါလို့ ဖြေတယ်။ ဒါနဲ့ သူကြီးက `ဒါဆိုရင် ဘာဖြစ်လို့ M.B.B.S ဆိုတာကြီးကို တပ်ရတာတုန်း၊ ဒါက မြို့ကဆရာဝန်တွေပဲ တပ်တာလေ၊ ပြီးတော့ မင်းက ဘွဲ့ရဲ့အနောက်မှာ (ကျေးတော)လို့လဲ ရေးထားသေးတယ်။ အဲဒါ ဘာအဓိပ္ပါယ်လဲဆိုတာ ပြောစမ်းပါဦး´လို့မေးတယ်။ ဒီတော့ သူက `သူကြီးကော M.B.B.S ရဲ့အဓိပ္ပါယ်ကို သိလား´လို့ပြန်မေးတယ်။ သူကြီးက မသိလို့မင်းကိုမေးတာပေါ့ကွလို့ ပြောလိုက်တယ်။ ဒီတော့ သူက `ကျွန်တော်က M.B.B.S ဆိုတာ ကို တပ်ချင်လို့တပ်တာမဟုတ်ဘူး။ သူ့မှာ အဓိပ္ပါယ်ရှိတယ်။ M ဆိုတာက မြန်မာ၊ B ဆိုတာက ဗုဒ္ဓဘာသာ၊ နောက် B တစ်ခုက ဗိန်းတော၊ S ဆိုတာက ဆရာ၊ ဒီတော့ M.B.B.S ဆိုတာ `မြန်မာ ဗုဒ္ဓဘာသာ ဗိန်းတော ဆရာ´ လို့ အဓိပ္ပါယ်ရတယ်။ (ကျေးတော)ဆိုတာက ကျွန်တော်က ဒီရွာမှာနေတာမို့လို့ ရေးထားတာ။ ကဲ.. သူကြီး ဘာများ မေးချင်သေးတုန်း။ လို့ ပြန်မေးလိုက်တယ်။ ဒီအခါမှာတော့ သူကြီးနဲ့ ရွာသားတွေဟာ ဘာပြောလို့ ပြောရမှန်းကို မသိဖြစ်ပြီး၊ ပါးစပ်အဟောင်းသားလေးတွေနဲ့ . . . . . . .
ကဲ စာဖတ်တဲ့သူရော M.B.B.S ဆိုတဲ့ အဓိပ္ပါယ်လေးကို သိသွားပြီပေါ့နော်. . . . . . . . နောက်ဆိုရင် ကိုယ်နေမကောင်းဖြစ်လို့ ဆေးခန်းသွားရင် ဆိုင်းဘုတ်လေးတွေကို တွေ့တိုင်း ဒီပုံပြင်လေးကို သတိရလိုက်နော်။