Wednesday, February 28, 2007

တွေးမိတာပါ...

``ပန်းတွေဟာ အရောင်စုံပေမယ့် ရန်မဖြစ်ကြဘူး´´ စာကြောင်းလေးက တိုတိုလေးပါ။ စဉ်းစားစရာတွေကတော့ အနောက်မှာ အများကြီးပဲ၊ လူတွေကကော. . . .
ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်စုတွေ အများကြီးပဲ၊ မြန်မာပြည်မှာတောင် တစ်ရာကျော်ရှိတယ်၊ သူတို့တွေမှာ အသားအရောင်ကွဲပြားတယ်၊ ဘာသာစကားမတူဘူး၊ ကိုးကွယ်ရာတစ်မျိုးစီ၊ အလေ့အကျင့်၊ ထုံးတမ်းစဉ်လာ စသဖြင့်ပေါ့ မတူတာတွေ အများကြီးပဲ၊ သူတို့တွေမှာ အချင်းချင်းကူညီမှု၊ စာနာထောက်ထားမှု၊ သည်းခံမှု၊ လေးစားမှု၊ ညှာတာမှုတွေ အရမ်းကိုနည်းတယ်၊ ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်ရယ်လို့ မပေါ်ခင်ကတဲက လူသားတွေဖြစ်မယ့် အသိဥာဏ်နိမ့်ပါးသေးတဲ့အဆင့် ကတဲကကို အချင်းချင်းသတ်ဖြတ်မှု တွေကရှိနေပြီလေ၊ အသိဥာဏ်မြင့်မားလာလေလေ လူသတ်လက်နက်တွေက အဆင့်မြင့်လာလေပဲ။ ဟိုး...ကျောက်လက်နက်ခေတ်ကနေ အခုနြူကလီးယားခေတ်အထိ ရောက်လာပြီ၊ လူ့သမိုင်းတစ်လျှောက် သမိုင်းတင်ထားတဲ့ စစ်ပွဲကြီးက (၂)ခုရှိတယ်။ သမိုင်းမတင်နိုင်တဲ့ စစ်ပွဲတွေ၊ တိုက်ပွဲတွေ ဘယ်လောက်များလိုက်မလဲ၊ အခုမျက်မှောက်ခေတ်အထိ လူတွေအေးအေးချမ်းချမ်းနဲ့ နေခဲ့ရတဲ့ခေတ်တွေမှာ နှစ်(၁၀၀)ကြာတဲ့ကာလအတိုင်းအတာလောက်ကို အေးအေးချမ်းချမ်းနေရတဲ့နှစ်တွေ ရှိပါ့မလား၊ သူတစ်လူ ငါတစ်မင်းနဲ့ လုပ်ချင်တိုင်းလုပ်လာကြတာ အခုချိန်ထိပဲ၊ လူတွေရဲ့ အတွင်းစိတ်မှာ မာန်မာနတွေ၊ အာဃာတတွေ၊ သံသယတွေ၊ အငြိုးအတေးတွေနဲ့ ပြည့်နေကြတယ်။ အပေါ်ယံမှာသာ သဘောကောင်း၊ စိတ်ထား နူးညံ့သလိုရှိနေပေမယ့် တကယ့်အတွင်းစိတ်မှာ ငါဆိုတဲ့ အတ္တကြီးက ရှိနေကြတယ်။ အဲဒီအတ္တကြောင့်ပဲ လောကကြီးကလှသင့်ရဲ့သားနဲ့ မလှနိုင်ခဲ့ဘူး၊ နောင်လဲ လှလာမှာမဟုတ်ဘူး၊ ဆရာတော်ကြီးတစ်ပါးရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်၊ လူတွေဟာ ကမ္ဘာကြီးရဲ့ အဆင်တန်ဆာလေး တစ်ခုပါပဲတဲ့၊ မြေစောင့်အဆင့်လောက်ပဲရှိတာပါတဲ့၊ ဒီစကားမှန်လား မှားလားဆိုတာ ကိုယ့်ဥာဏ်နဲ့ကိုယ်ပဲ စဉ်းစားကြည့်ကြပေါ့နော်၊ ကျွန်တော်ကတော့ မှန်တယ်လို့ယူဆတယ်၊ အဲဒါလောက်ကိုတောင် လူတွေက ကိုယ့်ကိုကိုယ် အထင်ကြီးပြီး၊ မထားသင့်တဲ့ မာနတွေထား၊ အတ္တတွေကြီးပြီး၊ ငါမှငါဆိုတဲ့ အတွေးတွေ ဖုံးလွှမ်းနေတယ်၊ တရားဆိုတာကို နားထောင်ဖို့နဲ့ ဖတ်ဖို့လောက်ပဲ သဘောထားတယ်၊ လိုက်နာကျင့်သုံးဖို့ကိုကြတော့ အကြောင်းပြချက်အမျိုးမျိုးပြပြီး၊ မသိချင်ယောင် မမြင်ချင်ယောင်ဆောင်နေကြတယ်၊ ကိုယ်ကိုယ်တိုင်ကကော ဘယ်လိုမျိုးရှိလဲဆိုတာ ဆင်ခြင်ကြည့်ကြပေါ့၊ လူတွေမှာ အတ္တတွေ၊ မာနတွေ၊ အာဃာတတွေ၊ အငြိုးအတေးတွေ၊ သံသယတွေမရှိရင် ကမ္ဘာကြီးက နေလို့ကောင်းမှာသေချာတယ်၊ အခုတော့. . . . . .
ပန်းလေးတွေလဲ ပွင့်ပြီးရင် ကြွေရတာပဲ၊ လူတွေလဲ အချိန်တန်ရင် သေကြတာပဲ၊ ပန်းတွေလဲ အရောင်စုံတယ်၊ လူတွေမှာလဲ မျိုးနွယ်စုတွေအများကြီးရှိတယ်၊ ပန်းတွေက ရန်မဖြစ်ကြဘူး၊ လူတွေကသာ . . . . . . . . ?
ကိုယ်ကိုယ်တိုင်လဲ လူတစ်ယောက်ပဲလေ၊ လူတွေမှာရှိတာတွေ အကုန်ရှိတာပေါ့၊ ဒါပေမယ့် အချိန်ကာလနဲ့ ဒေသပေါ်မူတည်ပြီး၊ ကိုယ့်ရဲ့ မာန်မာနတွေ၊ အတ္တတွေ၊ အာဃာတတွေ၊ အငြိုးအတေးတွေ၊ သံသယတွေကို သတိနဲ့ထိန်းထားရတာပေါ့၊ တစ်ခါတစ်လေ အဲဒါတွေ တွေးမိရင် လောကကြီးမှာ မနေချင်တော့ဘူး၊ ကြောက်လာတယ်၊ လွတ်မြောက်ချင် လာတယ်၊
တစ်ခါတစ်လေတော့လဲ. . . . . . . . .
(ကိုယ်လဲ လူတစ်ယောက်ပဲလေ...)

Tuesday, February 27, 2007

အရွက် နဲ့ အရိုး

ခေါင်းစဉ်က တစ်မျိုးကြီးနော်... ဒီနေ့ ထမင်းစားဖို့ ဟင်းသွားဝယ်တော့ ထမင်းဆိုင်မှာ ဟင်းတွေကအများသား... ဘာစားရမလဲလို့လိုက်ကြည့်ရင်းနဲ့ တစ်ခြားဟင်းတွေအပြင် ချဉ်ပေါင်ကြော်ကိုတွေ့တယ်... အရင်လဲတွေ့နေကျပဲ လေ.... ဒီနေ့ကျမှ စိတ်ထဲမှာတွေးမိတယ်။ လူတွေက ချဉ်ပေါင်မှာ အရွက်ကိုစားပြီး အရိုးကိုဘာလို့မစားကြတာလဲ လို့ပေါ့.. အရွက်ဆိုတာက အရိုးရဲ့အထောက်အပံ့မပါပဲနဲ့ ဖြစ်မလာနိုင်ဘူးလေ... အရွက်မှာလိုအပ်တဲ့ အာဟာရဓာတ်တွေ ရေတွေကို အရိုးကသယ်ဆောင်ပေးရတယ်... ငွားငွားစွင့်စွင့် နေနိုင်ဖို့အတွက် ထောက်ကန် ပေးထားရတယ်... လေပြင်းတိုက်လာရင်လဲ လွင့်ပါမသွားအောင် ကာကွယ်ပေးတယ်... ဒါပေမယ့် သူ့ခမျာ လူတွေရဲ့ လျစ်လျူရှုခြင်း၊ ပစ်ပယ်ခြင်းကို ခံရတယ်... သူက အပင်မို့လို့ထားပါတော့...
လူတွေထဲမှာရော. . .
ဒီလိုအဖြစ်မျိုးတွေ မဖြစ်နိုင်ဘူးလား? သိပ်ဖြစ်နိုင်တာပေါ့... သူများတွေအတွက် အနစ်နာခံပေးတယ်... အများနဲ့ မတူတဲ့ သူတို့ရဲ့အတွေးအခေါ် အယူအဆတွေကို လူတွေကနားမလည်တော့ ရှောင်ဖယ်ရှောင်ဖယ် လုပ်လာ တယ်။ အဲဒါကိုကော သူတို့ရဲ့ အားနည်းချက် လို့ပြောမလား... ထားပါလေ... သူတို့ရဲ့ အားနည်းချက်၊ လိုက်အပ်ချက်လေး တစ်ခုတည်းနဲ့ လူအများရဲ့ ပစ်ပယ် လျစ်လျူရှုတာတွေကို ခံရတယ်... အဲဒီလို ဖြစ်လာတော့ သူတို့မှာ အားငယ်စိတ်တွေဝင်လာတယ်... လူတွေကြားထဲကို မသွားရဲတော့ဘူး... ကြာလာတော့ လူတွေကိုကြောက်လာတယ်... သူတို့ရဲ့စိတ်ရင်းစေတနာတွေ အတွေးအခေါ်တွေ အယူအဆတွေက လူတွေဆီ ကိုမရောက်တော့ဘူး... တဖြည်းဖြည်းနဲ့ လူတွေနဲ့ဝေးသွားရော... နားလည်လွယ်အောင်ပြောရရင် အထီးကျန် ဖြစ်ကုန်တာပေါ့ ... ဒီလိုလူမျိုးတွေကို ကိုယ်ကိုယ်တိုင်တွေ့ခဲ့ရင် သူတို့ကို အားပေးစကားပြောဖို့ ကူညီပေးဖို့ ကိုယ့်မှာကော တတ်နိုင်ရဲ့လား... သူများတွေ ပစ်ပယ်ထားတဲ့သူကို ကိုယ်ကလက်ခံရဲပါ့မလား... လက်ခံတယ်ပဲ ထား... အပြောလွယ်သလောက် အလုပ်ခက်တယ်နော်... အများကလဲ ကိုယ့်ကိုပြောကြမှာပဲ... အဲဒါကိုရော ကိုယ်က ခံနိုင်ပါ့မလား... သူများမိုးခါးရေသောက်ပြီး ကိုယ်ကမသောက်လို့ လူတွေကပါ ကိုယ့်ကိုပစ်ပယ်သွားကြ ရင်ကော... ကိုယ်က အဲဒီလောက်ထိ စွန့်စားရဲပါ့မလား? ကိုယ့်မှာလဲ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းဆိုတာရှိတယ် လေ... သူတို့ကိုကော ဘယ်လိုရင်ဆိုင်မလဲ? ကိုယ်ကလဲ လူထဲကလူ မဟုတ်လား...
လောကကြီးမှာ အရိုးလိုမျိုး တိမ်မြုပ်သွားတဲ့သူတွေ အများကြီးရှိသလို... အရွက်လိုမျိုး ကျော်ကြားလာတဲ့သူတွေ လဲ ဒုနဲ့ဒေးပါပဲ... ကိုယ်ကကော အရွက်လား အရိုးလား? တစ်ခုခုတော့ ဖြစ်လာနိုင်တယ်... ဖြစ်လာခဲ့ရင် ဘ၀ကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အခုကတည်းက စဉ်းစားထားသင့်တယ်...

စဉ်းစားကြည့်လိုက်ပါလား. . .

မဖြစ်သေးတဲ့အရာတွေကို မျှော်လင့်ခြင်း တဲ့...
ဖြစ်ပြီးသားအရာတွေကို နောင်တ တဲ့...
ဒါဆို...
ဖြစ်ဆဲအရာများကို ဘယ်လိုခေါ်မလဲ ???

နည်းနည်းလောက် စဉ်းစားကြည့်ပါလား . . . . .

Sunday, February 25, 2007

ဒီလိုလဲ ရှိပါတယ်...


မနေ့က ကောင်မလေးနဲ့ စကားပြောရင်း.... ပြောတာနဲနဲမှားသွားလို့ သူ စိတ်ဆိုးသွားတယ်။ ဒါနဲ့ပဲ စိတ်ဆိုးပြေအောင် မနည်းပြန်ချော့လိုက်ရတယ်... သူအထင်လွဲသွားလားမသိဘူး... အဲဒါကြောင့် အောက်ကသီချင်းစာသားလေးကို ကူးပြီး၊ ရေးလိုက်ရတာပဲ... သူစိတ်ဆိုးပြေသွားအောင်လို့လေ...

တို့နှစ်ယောက် တွေ့ခဲ့တဲ့ အချိန်ကကြာ

မင်းကိုပဲ ငါ့ရင်ထဲ စွဲမြဲကာ ပိုချစ်လာ
ငါ့စိတ်ထဲ မင်းကိုပဲ မချစ်ရရင် မနေနိုင်တော့ပါ
အချစ်ရယ် နင်ထွက်မသွားနဲ့ ငါ့ရင်ထဲ...

နေ့ရောညရော ရင်မော
သူပစ်သွားမှာ စိုးတယ်

ဒီရင်ထဲမှာ မင်းကို အသက်လိုချစ်တာ
ယုံစမ်းပါကွာ...

နေ့လားညလား ကိုယ်လွမ်း
ယုံပါချစ်သူလေးရယ်
ဒီရင်ထဲမှာ မင်းကို အသက်လို ချစ်တာ
ယုံစမ်းပါကွာ...

တစ်သက်လုံးချစ်လို့ မ၀နိုင်ပါဘူး

တို့တွေရင်ထဲမှာ ထပ်တူ
ထာဝရလမ်းမှာ အချစ်တွေ အမြဲရှိလိမ့်မယ်
အကြင်နာဆုံးချစ်သူရယ်...

တစ်သက်လုံး မကုန်မယ့်အချစ်များ
ယုံကြည်ရအောင်ပေးပါ

ဒီရင်ထဲမှာ မင်းကို အသက်လို ချစ်တာ
ယုံစမ်းပါကွာ...

ရန်ကုန်သားလေးကျွန်နော်..

ကျွန်နော်ရန်ကုန်သားသည်...ဘာညာဘာညာ၏တပည့်ဖြစ်ပါသည်..
အလွန်အသင်အပြကောင်းသောဆရာမဖြစ်ပါသည်။
သူ၏တပည့်ဖြစ်ရသည်မှာ ဂုဏ်ယူဖွယ်ကောင်းလှပါသည်။
(ဖားရတာ... ဒါမှ...နောက်မသိတာတွေကို မေးလို့ရမှာ)
ဒီနေ့ကတော့ blog ကို အပြီးသတ်နီးပါး လုပ်ပြီးသွားပြီ...
လိုတဲ့ links တွေကိုတော့ နောက်မှပဲ ဖြည်းဖြည်းချင်း ထည့်သွားတော့မယ်....
ကြက်ကင်စားပြီး စိတ်ပါလက်ပါ သင်ပြပေးတဲ့ ဆရာမ ဘာညာဘာညာ ကို
ကျေးဇူးအများကြီးတင်ပါသည်............

Tuesday, February 20, 2007

ပြောချင်လို့ . . . .

ဒီနေ့ကတော့ blog ကို ကိုယ့်ဟာကိုယ် စမ်းပြီးလုပ်လိုက်တာပဲ။ ဘာမှမတတ်သေးတော့ တတ်သလောက်နဲ့ပဲ ဖြစ်သလိုလုပ်လိုက်တာ။ သင်ပေးမဲ့ဆရာကတော့ရှိပါရဲ့၊ ကြက်ကင်မကျွေးသေးလို့ လာသင်မပေးသေးဘူး (ကြားသွားရင် တကယ်လာမသင်ပေးပဲနေဦးမယ်..အဟတ်)။
ကျွန်တော်နေတာကတော့ ရန်ကုန်မှာပဲ။ ဒီမှာက ပညာတတ်တွေက အများသား။ သူ့နေရာနဲ့သူ လုပ်နေကြတာပေါ့။ သူတို့ဆီက သိစရာ မှတ်စရာ လေ့လာစရာတွေက မကုန်ဘူး။ သင်ယူလို့လဲ မကုန်နိုင်ဘူး။ ကိုယ်ကသာအပျင်းကြီးပြီး သူတို့ဆီက မယူနိုင်ဘူး။ အခုတော့ စိတ်ဆုံးဖြတ်လိုက်ပြီ၊ သူတို့ဆီက ရသလောက် အကုန်ယူတော့မယ်လို့. . . .။ ပညာဆိုတာကလဲ အမြဲတမ်းသင်ယူနေမှ တော်ကာကျမှာလေ။
ရန်ကုန်မှာက အစစ အရာရာ နေလို့ထိုင်လို့ သွားလို့ လာလို့ကောင်းပါတယ်။ ဒါပေမယ့် ရန်ကုန်သားကတော့ မန္တလေးကို သွားချင်နေတယ် (အကြောင်းလေးတော့ရှိတာပေါ့... ကိုယ့်အကြောင်းဆိုတော့လဲ သူများတွေကို မပြောချင်ဘူး)...။
ကြက်ကင်ကတော့ ၀ယ်ပြီးသွားပြီ၊ သင်ပေးမဲ့ ဆရာကိုပဲ စောင့်နေတာ၊ ဆရာကတော့ အစားကြီးတယ်ဆိုပဲ... :)