Friday, March 9, 2007

ပြောချင်တာလေးတွေ

အခုရက်ပိုင်း နည်းနည်းအလုပ်ရှုပ်သွားတယ်၊ ဓာတ်ပုံကိစ္စလုပ်နေတာနဲ့ ဘာမှကိုမလုပ်နိုင်ဘူးဖြစ်သွားတယ်။ အခုတော့ နည်းနည်း အားသွားပြီ။ လုံးဝတော့ မအားသေးဘူး။ blog မှာရေးချင်တာကလဲ တစ်ပိုင်းကိုသေလို့၊ မအားတာကလဲ တစ်ကိုယ်လုံးကိုမြုပ်လို့၊ တစ်ချို့ကလဲပြောကြတယ်၊ blog မှာ ကဗျာတွေပဲတင်လို့တဲ့၊ ဒါကတော့ ကိုယ့်ခံစားချက်နဲ့ကိုယ်ပေါ့လေ၊ blog ဆိုတာက လူတစ်ယောက်ရဲ့ ခံစားချက်တွေကို ရင်ဖွင့်တဲ့နေရာလေးတစ်ခုပါ၊ ကိုယ်ရေးချင်တာရေးမယ်၊ ကိုယ်ပြောချင်တာပြောမယ်၊ လွတ်လွတ်လပ်လပ်ရေးပိုင်ခွင့်တော့ ရှိတာပေါ့။ တစ်ချို့ကျ တော့လည်း ဆက်ရေး အားပေးတယ်လို့ ပြောပြန်ရော၊ အော်.... တစ်ယောက်တစ်မျိုးစီပါလားနော်၊ လူ့အလို နတ်မလိုက်နိုင်တဲ့၊ လူအမျိုးမျိုး စိတ်အထွေထွေတဲ့၊ မှန်လိုက်တဲ့ စကားပုံတွေ။ စကားပုံဆိုတာက တကယ်ဖြစ်ခဲ့တာကို နှောင်းလူတွေ သင်ခန်းစာယူနိုင်အောင်လို့ ရှေးလူကြီးတွေက ထားခဲ့တာဆိုပဲ။ အဲဒီတော့ စဉ်းစားမိတယ်။ စကားပုံတွေ ထဲကအတိုင်းသာ အမှန်တွေဆိုရင် လူတွေဟာ ဟိုးတုန်းကတည်းက မကောင်းခဲ့တာပဲပေါ့နော်။ အခု လူတွေ မကောင်းတာကို ပုံကြီးချဲ့ပြီးပြောနေလို့လဲ သိပ်ပြီးမထူးဆန်းတော့ဘူးပေါ့နော်။ သားစဉ်မြေးဆက် ဆက်ခံတယ်ပဲ ပြောမလား၊ ရေမြေလိုက်တယ်ပဲ ဆိုမလား? ဟိုတုန်းကတည်းက မကောင်းတာက အခုထိကို မကောင်းဘူး၊ နောင်လဲကောင်းမှာမဟုတ်လောက်ဘူး။ လူဆိုတာကလဲ မကောင်းတာ၊ မဟုတ်တာလုပ်ဖို့ဆိုရင် နှစ်ခါမပြောရဘူး။ အဲဒီတော့ ကောင်းဖို့ဆိုတာကလဲ မလွယ်လောက်ဘူးပေါ့နော်။ ``ယနေ့လူငယ်တွေဟာ နောင်တစ်ခေတ်ရဲ့ခေါင်းဆောင်တွေ´´ တဲ့။ ကြားဖူးတာကြာပါပြီ။ အခုခေတ်လူငယ်တွေကို ကြည့်လိုက်ပါအုန်း၊ အားရစရာဘယ်နှယောက်များတွေ့မိလဲလို့။ ဟိုသင်တန်းယောင်ယောင်၊ ဒီသင်တန်းယောင်ယောင်၊ လ္ဘက်ရည် ဆိုင်ထိုင်လိုက်၊ ဘီယာဆိုင်ထိုင်လိုက်၊ အရက်ဆိုင်ထိုင်လိုက်၊ ကလပ်သွားလိုက်၊ မာဆက်သွားလိုက်၊ ကာရာအိုကေ သွားလိုက်နဲ့ လုပ်နေလိုက်ကြတာ။ ဒီလိုလူမျိုးတွေသာ နောင်တစ်ခေတ်ရဲ့ခေါင်းဆောင်တွေဆို ရင်တော့။ ဘုရား... ဘုရား.... ကျွန်တော်တို့တိုင်းပြည်ကြီး ဘယ်လိုတိုင်းပြည်ကြီး ဖြစ်လာမလဲဆိုတာကို တွေးကြည့်ကြပါအုန်း၊ ဗိုလ်ချုပ်ပြောသလို (-)တိုင်းပြည်ကြီးဖြစ်လာမလားမသိဘူး။ ဒီတိုင်းပြည်မှာကလဲ တကယ်တော်တဲ့သူ၊ တတ်တဲ့သူတွေကလဲ နိုင်ငံခြားကိုပဲထွက်ကုန်တယ်။ နောက်တက်လာတဲ့ ကလေးတွေကလဲ နိုင်ငံခြားမှာ စာသွားသင်ပြီး အလုပ်လုပ်ဖို့ အခုကတည်းက ဆိုင်းပြင်းနေကြတယ်။ ကျွန်တော်တွေးမိတယ်။ ငါတို့ အသက်ကြီးလာတဲ့အခါကျရင် တိုင်းပြည်မှာ လူကောင်းတွေ လူတော်တွေ ကျန်မှကျန်ပါ့မလားလို့ပေါ့။ မြန်မာပြည်က ဂျာနယ်တွေ စာစောင်တွေမှာ သူများတိုင်းပြည်တွေမှာ ဦးနှောက်ယိုစီးတယ် ဘာတယ်၊ ညာတယ် ဆိုပြီးရေးနေကြတယ်၊ ကိုယ့်တိုင်းပြည်မှာက ဦးနှောက်က ယိုစီးယုံတင်မကဘူး၊ အလုံးလိုက်ပါသွားတာကို မသိကြတာလား၊ သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေတာ လားဆိုတာတော့ မပြောတတ်ဘူး။ အဲဒီတော့ ဒါတွေကို သိနေတဲ့ ကျွန်တော်တို့ကကော ဒီအတိုင်းလက်ပိုက် ကြည့်နေကြမှာလား? ကျွန်တော်တို့ တတ်နိုင်သလောက်တော့ လုပ်သင့်တယ်ထင်တယ်၊ လူငယ်တွေကို ဘယ်လိုပညာပေးကြမလဲ? သူတို့ရဲ့စိတ်ထဲမှာ မျိုးချစ်စိတ်ဆိုတာကို ဘယ်လိုနားလည်ထားကြသလဲ? ပြောလေ ပြောလေ စိတ်ကုန်လေပဲ။ ဘယ်တက်နိုင်မလဲပေါ့နော်၊ ကိုယ်တစ်ယောက်ထဲ လုပ်လို့ရတဲ့အရာမှ မဟုတ်တာပဲလေ။ တော်ပါပြီ၊ ဖြစ်ချင်တာတွေဖြစ်၊ တက်ချင်တဲ့သူတွေတက်၊ ကိုယ်လုပ်မှ ကိုယ်ရမှာ၊ ကိုယ်ရှာမှ ကိုယ်စားရမှာ။ ကိုယ့်ထမင်းကိုယ်စားပြီး အကုသိုလ်မများချင်တော့ဘူး။ ကိုယ့်ဘ၀အတွက် ကိုယ် အကောင်းဆုံး လုပ်နိုင်အောင်ပဲ ကြိုးစားတော့မယ်၊ ဒီလိုစိတ်လေးသာ လူတွေထားနိုင်မယ်ဆိုရင် တိုင်းပြည်ကြီး ပြန်ကောင်းချင် ကောင်းလာနိုင်မယ်ထင်တယ်၊ အခုတော့လဲ မျှော်တလင့်လင့်ပေါ့လေ. . . . .

No comments: